ညောင်ဦး ၈ ဇန်နဝါရီ

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ယနေ့နံနက် ၁၀ နာရီက ညောင်ဦးမြို့ အမှတ်(၅)ရပ်ကွက် ရွှေစည်းခုံဘုရား အရှေ့ဘက်စောင်းတန်းရှိ ချူအင်လိုင်းတန်ဆောင်း၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကျင်းပသည့်  မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ တရုတ်နိုင်ငံဝန်ကြီးချုပ် ချူအင်လိုင်း တရုတ်-မြန်မာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာရောက်လည်ပတ်ခြင်း (၅၈)နှစ်ပြည့် အထိမ်းအမှတ် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်များ ပရဟိတလှူဒါန်းပွဲကို  တက်ရောက်သည်။ 

 

1

 

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး   ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ကျေးဇူးတင်စကား ပြောကြားသည်။  

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်နှင့်ဇနီး၊ မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်နှင့် တာဝန်ရှိသူများက ညောင်ဦးမြို့နယ်အတွင်းရှိ နွမ်းပါးသော အိမ်ထောင်စုဝင်များကိုယ်စား ညောင်ဦးမြို့ အမှတ်(၂)ရပ်ကွက်မှ ရပ်မိရပ်ဖ ဦးထွန်းလင်းနိုင်၊ အမှတ်(၄)ရပ်ကွက်မှ ရပ်မိရပ်ဖ ဦးကိုကိုနိုင်၊ အမှတ်(၆)ရပ်ကွက်မှ ဒေါ်တင်တင်အေး၊ ပုဂံမြို့သစ် ရွှေတွင်းရပ်ကွက်မှ ဦးအောင်ရွှေ၊ ပုဂံမြို့ ဂန့်ဂါရပ်ကွက်မှ ဒေါ်အေးအေးညိုတို့ထံ  အိမ်ထောင်စု(၁၀၀)အတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် စုစုပေါင်း လှူဒါန်းငွေကျပ် သိန်း ၁၀၀ ဖိုးရှိသော စားသောက်ကုန်ပစ္စည်း၊ အိမ်သုံးဆေးဝါးများနှင့် မီးဖိုချောင်သုံး ပစ္စည်းမျိုးစုံ ပါဝင်သော လှူဒါန်းပစ္စည်း ၂၄ မျိုးကို လွှဲပြောင်းပေးအပ်ခဲ့သည်။

 

ရဲဝင်းနိုင် (ညောင်ဦး)