ရန်ကုန် ၁၉ ဇန်နဝါရီ
ယူနန်ပြည်နယ် ပြည်သူ့ပုံနှိပ်ထုတ်ဝေရေးအုပ်စုမှ ပထမအကြိမ် ဖြန့်ချိထုတ်ဝေသည့် တရုတ်-မြန်မာအဘိဓာန် စတင်ဖြန့်ချိခြင်း၊ New media စတင်အွန်လိုင်းတင်ခြင်းအတွက် သဘောတူစာချုပ် ချုပ်ဆိုပွဲနှင့် မြန်မာ-တရုတ်မီဒီယာများ နွေဦးနှစ်သစ် ကူးလက်ဖက်ရည် ကြမ်းစကားဝိုင်းကျင်းပခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ အလုံမြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်၊ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပါတီကော်မတီဝင် ပြည်နယ်ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာကျောက်ကျင်း၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး၊ တရုတ်ယဉ်ကျေးမှုစင်တာမှ တာဝန်ရှိသူများနှင့် မြန်မာ-တရုတ် သတင်းမီဒီယာများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တရုတ်-မြန်မာအဘိဓာန် စတင်ဖြန့်ချိခြင်းအတွက် တရုတ်-မြန်မာ မီဒီယာသဘောတူစာချုပ် ရေးထိုးခြင်းကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်၊ တရုတ်နိုင်ငံမှ တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် ယူနန်နေ့စဉ်သတင်းစာအဖွဲ့နှင့် Myanmar News Network Company Limited တို့မှ တာဝန်ရှိသူများက ယူနန်ပြည်နယ် ပြည်သူ့ပုံနှိပ်ထုတ်ဝေရေးဌာနနှင့် မြန်မာနိုင်ငံ ရွှေဇာမဏီ တရုတ်သတင်းစာတိုက်တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုကြသည်။
ထို့နောက် တရုတ်-မြန်မာ မီဒီယာနွေဦး နှစ်သစ်ကူးလက်ဖက်ရည်ကြမ်းကို ဆက်လက်ကျင်းပပြီး တရုတ်-မြန်မာ သတင်းမီဒီယာများမှ တာဝန်ရှိသူများက နှစ်နိုင်ငံ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
သတင်း-ဥမ္မာစန္ဒီ
ဓာတ်ပုံ-ဇော်မင်းလတ်