နေပြည်တော် ၁၇ ဇန်နဝါရီ
တရုတ်-မြန်မာပူးတွဲထုတ်လုပ်သည့် မှတ်တမ်းရုပ်ရှင် “Beautiful Myanmar” ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ National Radio and Television Administration of China (NRTA) မှ ဝန်ကြီး Mr.Nie Chenxi ၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ NRTA ၊ Yunnan Media Group (YMG) နှင့် YTV တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် NRTA မှ ဝန်ကြီး Mr.Nie Chenxi က “Beautiful Myanmar” မှတ်တမ်းရုပ်ရှင်သည် တရုတ်-မြန်မာ တောတောင်ရေမြေ ဆက်စပ်သော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနှင့် နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးမှုကို ဖော်ပြနေသည့်အပြင် မြန်မာနိုင်ငံ၏ သဘာဝအလှအပများ၊ ယဉ်ကျေးမှုများနှင့် ပြည်သူပြည်သားတို့၏ ကောင်းမွန်သော အနာဂတ်အတွက် စိတ်အားထက်သန်မှုများကိုလည်း ဖော်ပြနေပါကြောင်း၊ နှစ်နိုင်ငံ သံတမန် ဆက်ဆံမှု နှစ် (၇၀) ပြည့်မြောက်မှုနှင့်အတူ မီဒီယာနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုကိုလည်း ပိုမိုခိုင်မြဲအောင် ဆောင်ရွက်လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မိမိတို့ ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီသတင်းနှင့် ပြန်ကြားရေးဌာနတို့အကြား သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ပြန်ကြားရေးဆိုင်ရာ ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများအရ တရုတ် ရုပ်သံဇာတ်လမ်းတွဲအစီအစဉ်များကို မြန်မာအသံသွင်းပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) တွင် ၂၀၁၇ ခုနှစ် သြဂုတ်မှ စတင်ပြသခဲ့ရာ ယခုအခါ ဇာတ်လမ်းတွဲ ၈ ခုရှိပြီ ဖြစ်ပါကြောင်း။
ယခုအခမ်းအနားကိုလည်း “Beautiful Myanmar” မှတ်တမ်းရုပ်ရှင်ကို အပိုင်းတစ်ပိုင်းလျှင် မိနစ် ၃၀ စာဖြင့် အပိုင်းလေးပိုင်း ထုတ်လွှင့်ပြသမည့် အထိမ်းအမှတ် အဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရှိရသည့်အတွက် နှစ်နိုင်ငံအကြား မီဒီယာ ပေါင်းစည်းမှု သင်္ကတေအဖြစ် ဝမ်းသာမိပါကြောင်း၊ ဆက်လက်၍လည်း ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများအပြင် နှစ်နိုင်ငံ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ခရီးသွားအစီအစဉ်များကို ရုပ်သံမှတ်တမ်းအစီအစဉ်များအဖြစ် အပြန်အလှန် ရိုက်ကူးထုတ်လုပ်သွားရန် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဆန္ဒရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် YMG နှင့် YTV တို့ ပူးပေါင်းရိုက်ကူး ထုတ်လုပ်သည့် “Beautiful Myanmar” မှတ်တမ်းရုပ်ရှင်နမူနာကို ပြသသည်။
ထို့နောက် မှတ်တမ်းရုပ်ရှင် ဖန်တီးရိုက်ကူးမှုများနှင့်စပ်လျဉ်း၍ ဒါရိုက်တာ ကျိုးဝေဖင့်၊ YMG ထုတ်လုပ်ရေးမှူး မစ္စ ဟိုင်ယွင့်နှင့် YTV ထုတ်လုပ်ရေးမှူး ဒေါ်နန်းစောထွေးမြင့်တို့က ရှင်းလင်းပြောကြားကြသည်။
ထို့နောက် YMG ဥက္ကဋ္ဌ Mr. He Yaning က YMG နှင့် မြန်မာအသံနှင့် ရုပ်မြင်သံကြား (MRTV) တို့ ပူးပေါင်းရိုက်ကူးထားသည့် တရုတ်ဟင်းလျာအစီအစဉ်၊ ဖူအယ် လက်ဖက်ခြောက်၊ ယူနန်အရသာနှင့် မုဖူဇာတ်လမ်းတွဲ ရုပ်သံမှတ်တမ်းခွေများကို လည်းကောင်း၊ ပေကျင်း CCTV လယ်ယာစိုက်ပျိုးရေးချန်နယ်မှ ဒုတိယညွန်ကြားရေးမှူး Mr. Ouyang Haihong က လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အစီအစဉ် မှတ်တမ်းခွေများကိုလည်းကောင်း ပေးအပ်ရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က လက်ခံခဲ့သည်။
သတင်းစဉ်