၂၆ ဖေဖော်ဝါရီ
တရုတ်နိုင်ငံတောင်ပိုင်း စီချွမ်ပြည်နယ်တွင် ပြင်းအား ၄ ဒသမ ၉ ပမာဏရှိ ငလျင်လှုပ်ခတ်သွားရာ လူနှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ရှလီ ဓါတ်ငွေ့စက်ရုံကြောင့် ငလျင်လှုပ်ခတ်မှုဖြစ်ကြောင်း ပြည်သူများက ပြောဆိုသည့်အတွက် ဒေသ အာဏာပိုင်များက ရှလီ ဓါတ်ငွေ့တူးဖော်မှုကို ရပ်ဆိုင်းထားကြောင်း ဖော်ပြထားသည်။
ယမန်နေ့မွန်းလွဲပိုင်းတွင် ရွန်ဂျန်ခရိုင်တွင် ငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ ယင်းငလျင်မှာ နှစ်ရက်အတွင်းလှုပ်ခတ်ခဲ့သည့် ငလျင် ပြင်းအားပမာဏ ၄ ထက်များသည့် တတိယမြောက် ငလျင်ဖြစ်ကြောင်းနှင့် ၎င်းငလျင်အားလုံးသည် ၅ ကီလိုမီတာ အနက်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။
ရှလီ ဓါတ်ငွေ့တူးဖော်မှုကြောင့် ငလျင်များ ဆက်တိုက်လှုပ်ခတ် နေခြင်းဖြစ်သည်ဟု ဒေသခံများက အခိုင်အမာပြောဆိုနေပြီး နောက်ဆုံးငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းတွင် ဒေသခံအစိုးရရုံးတွင် ပြည်သူများစုရုံး ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
ဗွီဒီယိုဖိုင်တစ်ခုတွင် ဆန္ဒပြသူများသည် တာဝန်ရှိသူများနှင့် စကားများကြပြီး နဖူးစည်းစာတန်းများကို ကိုင်ဆောင်ထားခဲ့ကြသည်။
ရှလီ ဓါတ်ငွေ့တူးဖော်မှုသည် ငလျင်နှင့် ဆက်စပ်ခြင်းရှိမရှိ မသိရသေးကြောင်း ကျွမ်းကျင်သူ တစ်ဦးပြောကြားချက်ကို ကိုးကားပြီး ဒေသမီဒီယာက ဖော်ပြထားသည်။
ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို