တရုတ်၊ ရုရှား နိုင်ငံခေါင်းဆောင်များ မော်စကိုတွင် ဆွေးနွေးပွဲကျင်းပ

၆ ဇွန်

 


တရုတ်နှင့် ရုရှား နိုင်ငံ့ခေါင်းဆောင်များက အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးတင်းမာနေချိန်တွင် ၎င်းတို့၏ စီးပွားရေးနှင့် လုံခြုံရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေခဲ့သည်။

 


တရုတ်သမ္မတ ရှီကျင့်ဖျင် သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့်အတူ မော်စကိုတွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။သမ္မတ ပူတင်က ရုရှားနှင့် တရုတ် နိုင်ငံတို့အကြား ဆက်ဆံရေး မကြုံစဖူးထူးထူးခြားခြား  တိုးတက်ပြောင်းလဲခဲ့ကြောင်း ထိုဆွေးနွေးပွဲအစ၌ ပြောကြားခဲ့သည်။

 


သမ္မတ ပူတင် က သမ္မတရှီ ၏ ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေး ပို၍ကောင်းမွန်တိုးတက်ဖို့ အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။   

 


အနောက်နိုင်ငံများက ရုရှားအပေါ် စီးပွားရေးပိတ်ဆို့ရေး တွန်းအားပေးနေစဉ် ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး တိုးချဲ့လုပ်ဆောင်နေကြောင်းနှင့် ရုရှားနှင့်တရုတ်တို့နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၁၀၁ ဘီလီယံ ခန့် ရှိကြောင်း ဖော်ပြထားသည်။

 


စစ်မှုရေးရာနှင့် အာကာသ ဖွံဖြိုးတိုးတက်မှုတို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည်လည်း ခိုင်မာမည်ဖြစ်ကြောင်း သိရသည်။

 


နှစ်နိုင်ငံခေါင်းဆောင်များ သုံးနာရီကြာဆွေးနွေးပွဲ ပြီးနောက် ပူးတွဲကြေညာချက်နှစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်းတို့က လုံခြုံရေးကိစ္စရပ်များ အပေါ် ညှိနှိုင်းမှုကို မြှင့်တင်ဆောင်ရွက်ရန်နှင့် ဘက်စုံပူးပေါင်းဆောင်ရွက်သည့် မိတ်ဖက်အဖြစ် တိုးတက်ဆောင်ရွက်ရန် ကတိပြုခဲ့ကြသည်။

 


သမ္မတ ရှီ သည် ရုရှားနိုင်ငံတွင် သောကြာနေ့ထိ နေထိုင်မည်ဖြစ်သည်။ တရုတ်နှင့် ရုရှားနိုင်ငံ ခေါင်းဆောင်များသည် ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ယခုလနှောင်းပိုင်းမှာ ကျင်းပမည့်  ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲသို့  တက်ရောက်ကြမည် ဖြစ်သည်။

 


ကိုးကား - အန်အိတ်ချ်ကေ    
ဘာသာပြန် - မြင့်မြင့်ချို