ပေကျင်း မေ ၁၀
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ထိုင်းတပ်မတော်အကြား “Strike-2026” ဟု အမည်ရသည့် ကြည်းတပ်ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို မေလအလယ်ပိုင်းနှင့် နှောင်းပိုင်းတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျီအန်ဘင်းက မေ ၉ ရက်တွင် ပြောကြားသည်။
အဆိုပါစစ်ရေးလေ့ကျင့်ခန်းသည် အကြမ်းဖက်မှုနှိမ်နင်းရေးဆိုင်ရာ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းဖြစ်ပြီး တောင်တန်းများနှင့်တောအုပ်များအတွင်း နှစ်နိုင်ငံတပ်မတော်တပ်ဖွဲ့များက တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသူများအား ပြုစုစောင့်ရှောက်ခြင်း၊ လူလိုက်ပါခြင်းမရှိသည့် ကာကွယ်ရေးဆိုင်ရာ ကိရိယာများကို ထိန်းချုပ်၍ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ကျည်အစစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကို လေ့ကျင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ယခုစစ်ရေးလေ့ကျင့်ခန်းသည်(၈)ကြိမ်မြောက်ဆောင်ရွက်ခြင်းဖြစ်ကာ နှစ်နိုင်ငံတပ်မတော်များအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရေးနှင့် တပ်ဖွဲ့များ၏ အကြမ်းဖက်မှုနှိမ်နင်းရေးစွမ်းပကားကို မြှင့်တင်ရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


