ပေကျင်း မေ ၉

တရုတ်-ဥရောပ မီးရထား အမြန်လမ်းဝန်ဆောင်မှု၏ ၁၃၀၀၀၀ မြောက် ခရီးစဉ်ကို ယနေ့ မှတ်တမ်း တင်နိုင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ပြည်နယ်၏ မြို့တော် ကျန့်ကျိုးမြို့မှ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့သို့ ယနေ့ ဒေသ စံတော်ချိန် နံနက် ၁၀ နာရီတွင် ထွက်ခွာသည့် ကုန်တင်ရထားသည် အဆိုပါ ခရီးစဉ်ကို မှတ်တမ်းတင် နိုင်ခြင်းဖြစ်သည်။

တရုတ်-ဥရောပ မီးရထား အမြန်လမ်းဝန်ဆောင်မှုမှတစ်ဆင့် ကုန်စည်ပို့ဆောင်မှု စုစုပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၂၀ ကျော်ရှိကြောင်း တရုတ်နိုင်ငံပိုင် မီးရထားအုပ်စု ကုမ္ပဏီက ပြောကြားသည်။

တရုတ်-ဥရောပ မီးရထား အမြန်လမ်းဝန်ဆောင်မှု၏ လမ်းကြောင်းများကို ဆက်လက် ကောင်းမွန်စေရန် ပြုပြင်ထိန်းသိမ်းခဲ့ပြီး တစ်နာရီလျှင် ကီလိုမီတာ ၁၂၀ အမြန်နှုန်းဖြင့် ပြေးဆွဲ နိုင်သော ပုံမှန်လမ်းကြောင်း ၉၃ ခုကို သတ်မှတ်ထားကြောင်း အဆိုပါကုမ္ပဏီက ပြောကြားသည်။

လက်ရှိတွင် တရုတ်-ဥရောပ မီးရထား အမြန်လမ်းဝန်ဆောင်မှု ကို တရုတ်နိုင်ငံအတွင်းရှိ မြို့ပေါင်း ၁၂၉ မြို့တွင် ပြေးဆွဲ လျက်ရှိပြီး ဥရောပနိုင်ငံ ၂၆ နိုင်ငံရှိ မြို့ ၂၃၅ မြို့နှင့် အာရှနိုင်ငံ ၁၁ နိုင်ငံရှိ မြို့ပေါင်း ၁၀၀ ကျော်ကို ချိတ်ဆက်ထားကြောင်း သိရသည်။လက်ရှိတွင် ရထားလမ်း ကြောင်းများက ကုန်စည်အမျိုး အစားပေါင်း ၅၀၀၀၀ ကျော်ကို ပို့ဆောင်ပေးလျက်ရှိသည်။

အဓိက ပို့ကုန်များမှာ မော်တော် ကားနှင့် မော်တော်ကား အစိတ် အပိုင်းများ၊ စက်ယန္တရားများ၊ အီလက်ထရောနစ်နှင့် လျှပ်စစ် ပစ္စည်းများကဲ့သို့ တန်ဖိုးမြင့် ကုန်ပစ္စည်းများ ပါဝင်သည်။ အလားတူ တရုတ်နိုင်ငံသို့ တင်သွင်းသော ကုန်ပစ္စည်းများမှာ ကျွန်းသစ်၊ ပျော့ဖတ်၊ အထူးစိုက်ပျိုးရေးထွက်ကုန်များနှင့် နေ့စဉ်လူသုံးကုန်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်