တရုတ် ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာအသင်း အပြီးသတ်လူရွေးချယ်

နေပြည်တော် ၂၉ မတ်

ဧပြီ ၆ ရက်မှ ၁၀ ရက်အထိ တရုတ်နိုင်ငံ၌ ကျင်းပမည့် တရုတ် ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၅ အသင်းသည် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။

မြန်မာ ယူ-၁၅ အသင်းနည်းပြချုပ် ဂျပန်နိုင်ငံသား တာကူမူသည် အပြီးသတ် လူစာရင်း ကို ပြီးခဲ့သည့်ရက်ပိုင်းက ကြေညာခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲအတွက် အပြီးသတ် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာ ယူ-၁၅ အသင်းသည် တရုတ်ဖိတ်ခေါ်ပြိုင်ပွဲအတွက်သာ အပြီးသတ် လူရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ပြန်လည်ရောက်ရှိပါက ချန်လှပ်ခဲ့သည့် ကစားသမားများနှင့် ပြန်လည်ပူးပေါင်းကာ လေ့ကျင့်မှု ပြုလုပ်မည်ဖြစ်သည်။

မြန်မာ ယူ-၁၅ အသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် အဓိကနိုင်ငံတကာ ပြိုင်ပွဲများမတိုင်မီ ဖိတ်ခေါ်ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်မည်ဖြစ်ပြီး သင်္ကြန်အပြီးတွင် ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲ ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။ တရုတ်ဖိတ်ခေါ်ပြိုင်ပွဲကို ဧပြီ ၆ ရက်မှ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်တရုတ်၊ မြန်မာ၊ ကာဂျစ္စတန်နှင့် တာဂျစ်ကစ္စတန် အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။  မြန်မာအသင်းသည် ဧပြီ ၆ ရက်တွင် တရုတ်အသင်း၊ ဧပြီ ၈ ရက်တွင် တာဂျစ်ကစ္စတန်အသင်း၊ ဧပြီ ၁၀ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ ယူ-၁၅ အသင်းတွင် အုပ်ချုပ်သူ-ဦးညီညီလတ်၊ နည်းပြချုပ်-တာကူမူ၊ လက်ထောက်နည်းပြ-ဦးတင်မောင်ဝင်း၊ ကြံ့ခိုင်ရေးနည်းပြ-အီဘာဂါ၊ ဂိုးနည်းပြ-ဦးကိုကို၊ ကစားသမားများအဖြစ် ဂိုး-ထက်အာကာဝင်း၊ ဟံသာလင်း၊ အောင်ကျော်ဖြိုး၊ နောက်တန်း-ထူးမြတ်ခန့်၊ ကောင်းထက်ပိုင်၊ အောင်ကိုမင်း၊ ထွန်းထွန်းဝင်း၊ ရဝေကျော်၊ အလယ်တန်း-ကောင်းခန့်၊ အောင်ကျော်မင်း၊ ထက်မြတ်လွင်၊ ထက်အောင်ဝင်း၊ ကျော်မင်းခန့်၊ ကောင်းဇော်လင်း၊ ကောင်းစစ်ထူး၊ ရှေ့တန်း-ဟိန်းထက်ဇော်ဝင်း၊ ရန်နိုင်ထွန်း၊ မင်းသူ၊ ဇင်မျိုးအောင်၊ မင်းခန့်သူ၊ ကျော်သူရဦး၊ ဝေဖုန်းမြတ်ကျော်၊ သီဟအောင်တို့ ပါဝင်ကြသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်

 

mdn