ရန်ကုန် ၂၁ ဧပြီ
တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း(CNPC)က မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန်အတွက် ပြန်ကြားရေး ဝန်ကြီးဌာနသို့ နှာခေါင်းစည်း ၆၀၀၀ နှင့် ပိုးသတ်ဆေးရည်၊ ဆပ်ပြာရည် စသည့် ကူးစက်ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့သည်။
လှူဒါန်းပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (ရန်ကုန်)ရုံးခွဲ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး(MI)မှ ဦးကြည်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး (ရန်ကုန်သတင်းဗျူရို)မှ ဦးအောင်ဝင်းတို့က လက်ခံရယူခဲ့ကြသည်။
လှူဒါန်းပွဲတွင် တရုတ်အမျိုးသား ရေနံကော်ပိုးရေးရှင်း CNPC မှ အကြံပေးအရာရှိ ဦးပိုးနိုင်လင်းက လှူဒါန်းရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး(MI)မှ ဦးကြည်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
တရုတ် အမျိုးသားရေနံကော်ပိုရေးရှင်း(CNPC)သည် အစိုးရဌာနများ၊ ကျေးရွာများ၊ မိဘမဲ့ဂေဟာများနှင့် ဘုန်းကြီးကျောင်းများသို့ စားသောက်ကုန်ပစ္စည်းများကို လှူဒါန်းလျက်ရှိပြီး မတ် ၂၄ ရက်တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသို့ ပထမအသုတ်အဖြစ် နှာခေါင်းစည်း ၂၀၀၀ ခု လှူဒါန်းခဲ့သည်။
တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း(CNPC) အနေဖြင့် မြန်မာနိုင်ငံအတွင်း လူမှုအကျိုးပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများအတွက်ကို လည်း ဆက်လက်ကူညီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(တိုင်းဒေသကြီး ပြန်/ဆက်)