နေပြည်တော်၊ အောက်တိုဘာ  ၁၉

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့အခြေစိုက် အာဆီယံ-တရုတ် ဗဟိုဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် တရုတ်ဘာသာစကား သင်တန်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် မွန်းလွဲပိုင်းတွင် မြန်မာ- ရုရှား နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ၂၀၁၁ ခုနှစ်မှ စတင်ကာ အာဆီယံ-တရုတ် ဗဟိုဌာနနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုပွင့်လင်းရာသီမှစ၍ မြန်မာနိုင်ငံသို့ တရုတ်ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရန် မျှော်လင့်ပါကြောင်း၊ တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအဖြစ် ခရီးသွားလုပ်ငန်းသုတေသန စီမံကိန်းနှင့် မုန့်ဖုတ်အတတ်ပညာဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်း စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

           

ဆက်လက်၍ အာဆီယံ- တရုတ်ဗဟိုဌာနမှ အထွေထွေအတွင်းရေးမှူးချုပ် H. E. Mr. Shi Zhongjun က အမှာစကားပြောကြားပြီး တရုတ်နိုင်ငံမှ ဘသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဧည့်လမ်းညွှန် ဆိုင်ရာဝန်ဆောင်မှုစံနှုန်းများ၊ တရုတ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအလားအလာများ၊ သမားရိုးကျနှင့် ဆန်းသစ်ထီထွင်မှုရှိသော ခရီးသွားလုပ်ငန်း မြှင့်တင်ကြော်ငြာခြင်းနည်းလမ်းများကို ရှင်းလင်းပို့ချဆွေးနွေးခဲ့ကြပြီး သင်တန်းသားများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ-ရုရှား နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပွဲကို ဝန်ကြီးဌာန နီလာခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

 

အစည်းအဝေးသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ခရီးသွားလုပ်ငန်းအေဂျင်စီ၊ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဌာန အကြီးအကဲ မစ္စတာ ဒီမြန်အိုစမီးလ်ယက်၊ စိန့်ပီတာစဘတ် အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ မစ္စတာအိဗ်ဂီနီဒီဂရီဂိုရိဖ်၊ ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာ ဗီယာချက်စ်လက်ဗ်ဂျီကာလ် ဂနော့ဗ်၊ စိန့်ပီတာစဘတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ မစ်နာနာ အမ်ဂဗီချီယာနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံရုံးမှ စီးပွားရေးဆိုင်ရာ ကောင်စစ်ဝန် မစ္စတာ အန်ဒရီဗီအူနက်ခ်၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် ကိုယ်စားလှယ်များ၊ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အဆိုပါညှိနှိုင်းအစည်းအဝေးတွင် စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ခရီးသွားလုပ်ငန်း ဖက်ဒရယ် အေဂျင်စီ၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဌာနခွဲ အကြီးအကဲ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌနှင့် အစည်းအဝေးသို့ တက်ရောက်လာသော နှစ်နိုင်ငံမှကိုယ်စားလှယ်များက နှုတ်ခွန်းဆက် စကားပြောကြားကြပြီး မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသ များနှင့် တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များပါဝင်သော (၅) မိနစ်စာ ဗီဒီယိုဖိုင်ကို ပြသသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ရုရှားနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပိုမို လာရောက်လည်ပတ်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစတင်ပြီး ရုရှားခရီး သွားများအတွက် ဗီဇာကင်းလွတ်ခွင့် (၁)နှစ် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား လူမှုစီးပွား အကျိုးရလဒ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ပိုမိုပူးပေါင်း ဆောင်ရွက်လိုပါကြောင်း၊ မြန်မာ-ရုရှား ခရီးသွားလုပ်ငန်းဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားလိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် စိန့်ပီတာစဘတ်မြို့၏ ခရီးစဉ်ဒေသများပါဝင်သော ဗီဒီယိုဖိုင်ကို ပြသပြီး စိန့်ပီတာစဘတ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ မစ်နာနာအမ်ဂဗီချီယာ က နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးတင်ပြသည်။ ထို့နောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ ဦးရန်ဝင်းက ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအခန်းကဏ္ဍမှ ပူးပေါင်းဆောင်ရွက်လိုသည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။            

 

ဆက်လက်၍ စိန့်ပီတာစဘတ်အစိုးရ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်း မြို့တော်ခရီးသွား သတင်း အချက်အလက်ပြန်ကြားရေးဗျူရို၏ ညွှန်ကြားရေးမှူးချုပ် မစ္စတာ အူရီဗီဘော်တာနော့ဖ်နှင့် စိန့်ပီတာစဘတ် ညီလာခံနှင့်ပြပွဲပြသခြင်းဆိုင်ရာဗျူရို၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ မစ္စတာ ဆာဂီလ်အက်စ် အာဇရမ်နော့ဖ်တို့က ခရီးသွားဧည့်သည် များ ခရီးစဉ်ဒေသများသို့ လွယ်ကူချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု၊ ခရီးသွားပြပွဲများနှင့် အစည်းအဝေးများ ကျင်းပခြင်း ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြ ကြသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးချက်များအပေါ် အမြင်ခြင်း ဖလှယ်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)