၁၃ ဇွန်
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဂွမ်ရှီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီးတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ၁၇ ဦးသေဆုံးခဲ့ပြီး ကိုးဦးပျောက်ဆုံးနေကြောင်း ဒေသန္တရအာဏာပိုင်များက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
တစ်ပတ်ကြာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၅၉၀ဝ၀ဝ ကျော် ထိခိုက်မှုရှိခဲ့ကြောင်းဒေသတွင်း အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဌာနက ထုတ်ပြန်ထားသော နောက်ဆုံးသတင်းအရ သိရသည်။
အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ် ၁၇၄၇ လုံး ပြိုကျခဲ့ပြီး ၉၆၆ လုံး ပျက်စီးခဲ့ကာ လူပေါင်း ၃၀ဝ၀ဝ ကျော် နေရာပြောင်းရွှေ့ခဲ့ကြကြောင်းနှင့် ရေဖုံးလွှမ်းမှုကြောင့် သီးနှံစိုက်ဧရိယာ ၃၄၆၀ဝ ဟက်တာ ကျော် ပျက်စီးခဲ့ကြောင်း ယင်းဌာန ထုတ်ပြန်ချက်အရ သိရသည်။
ဂီလင်း ၊ နန်နင်းနှင့် ဘေစီ အပါအဝင် မြို့များတွင် မုန်တိုင်းကြိုတင်ခန့်မှန်းချက်ဖြစ်သည့် မိုးသည်းထန်စွာရွာသွန်းမှု သတိပေးချက်ကို အဝါရောင် အဆင့် သတ်မှတ်ထားကြောင်း ယမန်နေ့က မိုးလေဝသဌာနကထုတ်ပြန်ကြေညာထားသည်။
ဂီဇူ ၊ ဂွမ်ဒေါင်း ၊ ဟူနန် ၊ ဖူဂျီအန်နှင့် ဂျီအန်ရှီ အပါအဝင် တရုတ်နိုင်ငံတောင်ပိုင်းဒေသရှိ ပြည်နယ်များကို ပြီးခဲ့သည့် သီတင်းပတ်က စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။
သောကြာနေ့ထိတိုင် မိုးသက်မုန်တိုင်းများ ဆက်လက်ရွာသွန်းနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားစဉ် တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်တွင် ဟီယုအန်မြို့တွင် ယမန်နေ့မနက်ပိုင်းက ရေကြီးမှုနှင့် မြေပြိုမှုတို့ ဖြစ်ပွားသဖြင့် ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို