နေပြည်တော် ဇူလိုင် ၂၇

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးကိုကိုလွင် ဦးဆောင်သော နိုင်ငံရေးပါတီ ၄ ပါတီမှ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ လေ့လာရေး ခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် ‌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး‌ ‌ဆောင်ရွက်နေမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ တရုတ် - တောင်အာရှ ကုန်စည်ပြပွဲ၊ တရုတ် - ကူမင်း သွင်းကုန်၊ ပို့ကုန် ကုန်စည်ပြပွဲ၊ တိုင်းရင်းသားလူမျိုးများနှင့် မျိုးနွယ်စုဆိုင်ရာ မူဝါဒချမှတ်မှုဆိုင်ရာ ဆွေးနွေးပွဲ၊ ယူနန်ပြည်နယ် မဟာလျှပ်စစ်ဓာတ်အားလိုင်း ကွန်ရက်တည်ဆောက်မှု အခြေအနေများနှင့် တရုတ်ကွန်မြူနစ်ပါတီ ပြတိုက်တို့သို့ သွားရောက်ကြည့်ရှု လေ့လာဆွေးနွေးခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများ အပါအဝင် အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်