နေပြည်တော် ၂၁ ဇွန်
ပဉ္စမအကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၅)ကြိမ်မြောက် တရုတ်နိုင်ငံ ကူမင်း သွင်းကုန် ထုတ်ကုန် ကုန်စည်ပြပွဲကို ဇွန် ၁၄ ရက်မှ ၂၀ ရက်အထိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ စတုရန်းဧရိယာ ၁၉၀ဝ၀ဝ ကျော် ကျယ်ဝန်းသည့် Kuming Dianchi International Convention and Exhibition စင်တာတွင် ကျင်းပခဲ့သည်။ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် နိုင်ငံပေါင်း ၈၀ ကျော်မှ ကုန်ပစ္စည်းများကို အဆင့်မီ ပြခန်းပေါင်း ၈၅၀ဝ ကျော်ဖြင့် ပါဝင်ပြသလျက်ရှိပြီး မြန်မာနိုင်ငံသည် ဂုဏ်ထူးဆောင်တိုင်းပြည်အဖြစ် ပါဝင်ပြသခွင့်ရရှိကာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင် (၂၈၉) ဦးတို့သည် ကုန်စည်ပြခန်း (၆၄) ခန်းတွင် မြန်မာနိုင်ငံ၏ ကုန်ပစ္စည်းများကို ပြသရောင်းချခဲ့သည်။
အဆိုပါ ကုန်စည်ပြပွဲတွင် မြန်မာကုန်သည်များအနေဖြင့် ရောင်းချရန်ထက် ကုန်သည်ခြင်း တိုက် ရိုက်ချိတ်ဆက်နိုင်ရန်နှင့် ဈေးကွက်ချဲ့ထွင်ရန် သွားရောက်ပြသရောင်းချခြင်းဖြစ်ပြီး ပြသရောင်း ချလျက်ရှိသည့် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်အချို့နှင့် တာဝန်ရှိသူတို့ကို မြန်မာ့သတင်းစဉ်မှ သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်။
ဦးဝင်းသန်း (ဒုတိယညွှန်ကြားရေးမှူး)မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
အခုက ငါးကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနဲ့ (၂၅) ကြိမ်မြောက် တရုတ်နိုင်ငံ ကူမင်း သွင်းကုန် ထုတ်ကုန် ကုန်စည်ပြပွဲဖြစ်ပါတယ်။ ဒီနှစ် ကုန်စည်ပြပွဲမှာတော့ မြန်မာနိုင်ငံက ပြသတဲ့ ကုန်ပစ္စည်းအသစ်အနေနဲ့ လျော်ဖြူနဲ့ ဆေးကုလားမကို ပြသရောင်းချပါတယ်။ နောက်တစ်ခါ ငါးသေတ္တာလို အစားအသောက်နဲ့ ရွှေလုပ်ငန်းရှင်များ အသင်းကနေ စနစ်တကျ ထွက်ရှိတဲ့ မြန်မာ နိုင်ငံရဲ့ ရွှေအကြောင်း ပြသနိုင်ပါတယ်။ နောက် စီးပွားရေး ဦးပိုင်လီမိတက်၊ မြဝတီထရိတ်ဒင်းကနေ ဦးဆောင်ပြီး မြန်မာဘီယာနဲ့ မြန်မာစီးကရက်တွေကိုလည်း ပထမဦးဆုံးအကြိမ် ပြသပါတယ်။ ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာ အဓိကပါဝင်ပြီး အခြားပစ္စည်းတွေအနေနဲ့ မြန်မာ့လက်မှုထည်ပစ္စည်းများ၊ ကြိမ်ထည်များ၊ မြန်မာ့စားသောက်ကုန်များ၊ လက်ဖက်နှင့် လက်ဖက်ခြောက်၊ မြန်မာ့တိုင်းရင်းဆေး၊ ချင်းပြည်နယ်ထွက် မြန်မာ့ထောပတ်သီး၊ ဝဥခြောက်၊ ငရုတ်သီးခြောက် စတဲ့ပစ္စည်း တွေပြသဖို့ ခေါ်ယူခဲ့ပါတယ်။ မြန်မာ့လက်မှုပစ္စည်းများအပြင် သစ်ပရိဘောဂအနေနဲ့ ကျွန်းပါကေးပြား ကုမ္ပဏီတစ်ခုကို ခေါ်ဆောင်ပြီး ပြသပါတယ်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ ကျွန်တော်တို့က မြန်မာကုန်သွယ်မှု မြှင့်တင် ရေးအဖွဲ့ (Myanmar Trade Organization) ဆိုပြီး ၂၀၁၆ ဧပြီ ၁ ရက်နေ့မှာ အစိုးရသစ်နဲ့အတူ ဌာနသစ်ကို ဖွဲ့စည်းခဲ့ပါတယ်။ ဌာနသစ်ဖွဲ့စည်းတဲ့ ရည်ရွယ်ချက်က ကုန်သွယ်မှုမြှင့်တင်ရေးကို အထူးပြုဆောင်ရွက်နိုင်ဖို့ပါ။ နောက်တစ်ခါ မြန်မာ့ထွက်ကုန်ပစ္စည်း (Made in Myanmar) တွေကို ပြည်ပနိုင်ငံများက သိရှိပြီးတော့ ဈေးကွက်ထိုးဖောက် ဝင်ရောက်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။
ဦးမောင်မောင်ဆန်း (ဗဟိုအလုပ်အမှုဆောင်)မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း
ကျွန်တော်တို့ ကျောက်မျက်အသင်းက ဆိုင်းခန်းပေါင်း ၃၂ ဆိုင် လာရောက်ပြသ ရောင်းချပါတယ်။ ပြသတဲ့ ရည်ရွယ်ချက်က ကျောက်မျက်အကြမ်းထည်ကနေ အချောထည်အထိ မြန်မာနိုင်ငံ ဈေးကွက်ကို တစ်ကမ္ဘာလုံးသိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာရောက်ပြသခြင်း ဖြစ်ပါတယ်။ နိုင်ငံတော် အတွက်လည်း အကျိုးရှိသလို ဝတ်ဆင်တဲ့သူက တိုက်ရိုက်ဝယ်ယူရတဲ့အတွက် ပိုမိုနှစ်သက်ပါတယ်။ မနှစ်ကထက်စာရင် ဒီနှစ်က ပိုမိုရောင်းရသလို လူစိတ်ဝင်စားမှုလည်း ပိုရပါတယ်။ ပြသတဲ့ ဆိုင်ခန်း အားလုံးလိုလို ရောင်းရပါတယ်။ ကျောက်စိမ်းကို အဓိကဝယ်ကြပါတယ်။ အနီနဲ့ အပြာကိုလည်း စိတ်ဝင်စားပြီး လိုက်ဝယ်တာ တွေ့ရပါတယ်။ ကျောက်စိမ်း လက်ကောက်နဲ့ ဆွဲပြားစတဲ့ လက်ဝတ် ရတနာတွေကို နှစ်သက်စွာ ဝယ်ယူကြပါတယ်။ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ ငါးကြိမ်စလုံး လာရောက်ရောင်းချပြသပါတယ်။ MoU ထိုးတာမရှိပေမယ့် နေပြည်တော်မှာလုပ်မယ့် ပြပွဲအတွက် လည်း ဖိတ်ခေါ်ထားတာရှိပါတယ်။ အဲဒီမှာ အချောထည်သာမကပဲ အရိုင်းလည်း တရားဝင် ဝယ်ယူ လို့ရပါတယ်။ နောက်ထပ် ဇန်နဝါရီမှာလည်း ရန်ကုန်မှာလုပ်မယ့် ကျောက်မျက်ရတနာ အချော ထည်ပြပွဲရှိပါတယ်။ အဲ့ဒီအတွက်လည်း ဖိတ်ထားပါတယ်။ အခုလို နှစ်နိုင်ငံ ပူးပေါင်းခွင့်ရတဲ့ အတွက် အကျိုးအမြတ်တွေရှိပါတယ်။
ဦးကျော်သူ (အတွင်းရေးမှူး)
မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် တင်ပို့ရောင်းချသူများအသင်း
ကူမင်းကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကထွက်တဲ့ သစ်သီးဝလံတွေ စုပြီးလာရောက် ရောင်းချတာပါ။ သစ်သီးအနေနဲ့ အခုချိန်ထွက်နေတာက သရက်သီးနဲ့ ထောပတ်သီးပါ။ ထောပတ် သီးကတော့ ချင်းပြည်နယ်ကထွက်တဲ့ အသီးပေါ့။ ဝဥ၊ ကယန်းငရုပ်၊ ဖာလာ၊ မျှစ်ချည်၊ နနွင်းမှုန့်နဲ့ ချင်းတောင်ထွက် ကော်ဖီတွေပါပါတယ်။ နောက် မိချောင်းကွမ်းဖက်ကို စိတ်ဝင်စားလို့ လာမေးပါတယ်။ အဓိကကတော့ ဈေးကွက်ချဲ့တာပါ။ ကျွန်တော်တို့ ကုန်တွေကို နယ်စပ်ကနေ ရောင်းနေရတဲ့ အခြေအနေထက် တကယ့်ဝယ်ယူမယ့်သူကို တိုက်ရိုက်ချိတ်ပြီး ရောင်းနိုင်ရင် ဈေးကွက်တစ်ခုကို ခိုင်ခိုင်မာမာရမယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ။
အခုပြပွဲမှာ ရောင်းရခြင်းဆိုတာထက် ဈေးကွက်ချိတ်ဆက်နိုင်ဖို့ အဓိကပါ။ ဝဥဆိုရင် ဒီကကုမ္ပဏီ တစ်ခုနဲ့ ဇွန် (၁၇) ရက်နေ့မှာ MoU ထိုးပါတယ်။ ကျန်တဲ့သီးနှံတွေကိုလည်း ဆွေးနွေးလို့ အဆင်ပြေရင် အရောင်းအဝယ်စာချုပ်တွေ ချုပ်သွားပြီးတော့ ရောင်းချနိုင်ဖို့ ဆောင်ရွက်မှာပါ။ ကျွန်တော်တို့ သစ်သီးဝလံ ပန်းမန်ကဏ္ဍမှာဆိုရင် တရုတ်ပြည်ကို နံပါတ်တစ်အနေနဲ့ ဖရဲသီးအများ ဆုံးပို့တယ်။ တစ်နှစ်ကို တန်ချိန်ခြောက်သိန်းနဲ့ ခုနှစ်သိန်းကြားသွားတယ်။ ဒုတိယက သခွါးမွှေး တန်ချိန် တစ်သိန်းခွဲနဲ့ နှစ်သိန်းကြားသွားတယ်။ နောက် သရက်သီး၊ ဝဥ၊ ဖာလာ၊ ငရုပ် ပို့တယ်။ ချင်းထောပတ်သီးကတော့ အခုနည်းနည်းပဲ ထွက်သေးတယ်။ ကော်ဖီက ဒီကတစ်ဆင့် ရောင်း နေတာလည်းရှိတယ်။ ကော်ဖီက ဒီဘက်ရော အခြားနိုင်ငံတွေရော နည်းနည်းစီမျှပြီး ထွက်ပါတယ်။
ဦးမြင့်အောင် (ဒုတိယဥက္ကဋ္ဌ)
ချဉ်ပေါင်ဖာလာအသင်း
ကျွန်တော်က ပဲခူးတိုင်း၊ တောင်ငူမြို့ သံတောင်ကနေ ချဉ်ပေါင် ဖာလာကို ကရင်လူမျိုးတွေနဲ့ တောင်ငူ က ကုန်သည်တွေ ပေါင်းပြီး ကူမင်းပြပွဲမှာ လာရောက် ပြသတာပါ။ သံတောင်ကြီး မြို့နယ်မှာထွက်တဲ့ ကုန်ပစ္စည်းတွေထဲမှာ ချဉ်ပေါင် ဖာလာက အဓိက ထွက်ကုန် အသက်သွေးကြောပါပဲ။ အဓိက ရောင်း ရတာက တရုတ်ပြည်ပါ။ ကျွန်တော်တို့ နယ်စပ်ကိုပဲ ရောင်းရပါတယ်။ ရွှေလီနဲ့ မန္တလေးဘက်က ကုန်သည်တွေက တောင်ငူမြို့မှာ အထိုင်ဝယ်ကြပါတယ်။ ဈေးကွက်က မမှန်တဲ့အတွက် ဈေးကွက် သစ်ကို ရှာဖွေတဲ့အနေနဲ့ ပြပွဲတွေမှာ လာရောက်ပြသခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ပစ္စည်းက အော်ဂဲနစ် ဖြစ်ပေမယ့် လာအိုက ပစ္စည်းက ကျွန်တော်တို့ထက် ၁၀ ဆလောက် ဈေးကွာနေတယ်။ ဘာကြောင့် ကွာလဲလေ့လာတော့ သူတို့နိုင်ငံရဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနကနေ နိုင်ငံခြားပညာရှင်တွေ ခေါ်ပြီးတော့ စိုက်ပျိုးထုတ်လုပ်မှု အစအဆုံးထိ နည်းပညာတွေပေးပြီး အဆင့်ဆင့်ပြုပြင်တဲ့ အခါကြ တော့ ပစ္စည်းက အရည်အသွေး မြင့်လာပြီး နိုင်ငံခြားဈေးကွက်ကို ထိုးဖောက်တဲ့အခါ ကျွန်တော်တို့ မြန်မာနိုင်ငံထက် ဈေးက ၁၀ ဆလောက် ပိုရနေပါတယ်။
အခုလက်ရှိပေါက်ဈေးက သူတို့နိုင်ငံမှာ ၁ ကီလိုဂရမ်ကို အမေရိကန် ဒေါ်လာ ၆၀ နဲ့ ၇၀ ကြား လောက်ရှိနေပေမယ့် ကျွန်တော်တို့မှာက ၆ ဒေါ်လာ ၇ ဒေါ်လာလောက်ပဲ ရှိတယ်။ ဈေးကောင်းမရတဲ့ အချက်က မီးခိုးအနံပါတဲ့ အတွက်ကြောင့်ပါ။ မီးခိုးမပါတဲ့ နည်းပညာကို ဒီနှစ်က စပြီး ကွာလတီမြှင့်ပြီး ဈေးကွက်ကို ထိုးဖောက်မယ်။ အဲဒါမှ တောင်သူတွေ ဘဝမှာအများကြီး ချောင်လည်သွားမယ်။ နှစ်ပေါင်းများစွာ မိရိုးဖလာနည်းနဲ့ လုပ်လာတာ တစ်ခုပဲသိတော့ ဆင်းရဲတွင်းက မထွက်နိုင်ဘူး ဖြစ် နေတယ်။ အရည်အသွေးမမှန်ဘူး။ အသေးအလတ်အကြီး ပုံစံသုံးမျိုးဖြစ်နေတယ်။ လာအိုက ပုံစံလည်းမှန်တယ်။ အရည်အသွေးလည်းမှန်တယ်။ ဒါကြောင့် ကျွန်တော်တို့က အသိပညာရော၊ နည်းပညာရော နှစ်ခုလုံးသွားမှ အောင်မြင်မယ်။ ဒါကြောင့် အဖွဲ့အစည်း အားလုံးနဲ့ ပေါင်းပြီး နည်းပညာရော အတတ်ပညာပိုင်းပါ ကောင်းအောင်ကြိုးစားနေပါတယ်။
ဒေါ်နန်းမိုင် (ပိုင်ရှင်)
လှပျိုဖြူတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
ရန်ကုန်က လာရောင်းတာပါ။ ကိုယ်တိုင်ဖော်စပ်ပြီး ကိုယ်တိုင်ထုတ်လုပ်တဲ့ မြန်မာတိုင်းရင်းဆေးတွေ လာရောင်းတာပါ။ သလိပ်ပျော်ချောင်းဆိုး ပျောက်ဆေး၊ အရိုးကျီးပေါင်းလိမ်းဆေး၊ စားဆေး၊ အမာရွတ်ပျောက် လိမ်းဆေးနဲ့ ဒဏ်ကျေလိမ်းဆေးတွေ လာရောက်ပြသ ရောင်းချတာပါ။ ၂၀ဝ၃ ခုနှစ်က စတင်ထုတ်လုပ်ပြီး ဒီမှာ လာရောက်ပြသ ရောင်းချတာက ၃ ကြိမ်မြောက်ပါ။ အဓိက ရောင်းချ တာက တရုတ်နိုင်ငံက အအေးပိုင်းဖြစ်တာကြောင့် လိမ်းဆေးကို အဓိကထား ဖြန့်ဖြူးရောင်း ချပါတယ်။ အိမ်နီးချင်းနိုင်ငံကိုလည်း ကျွန်မတို့ရဲ့ မြန်မာတိုင်းရင်းဆေးဝါး အစွမ်းတွေ သိအောင် ရောင်းချတာပါ။ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ ကျွန်မတို့က အချိတ်အဆက် ရှိပါတယ်။ အခု ၂၀၁၈ ကုန်စည်ပြပွဲမှာ ပိုမိုရောင်းချနိုင်ပါတယ်။ အခုလို အိမ်နီးချင်းနိုင်ငံမှာ လာရောက်ရောင်း ချနိုင်အောင် နှစ်စဉ် ကုန်စည်ပြပွဲတွေ လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ရောင်းချခွင့်ပေးတဲ့ အတွက် နိုင်ငံသားတစ်ယောက်အနေနဲ့ရော လှပျိုဖြူဆေးတိုက်အနေနဲ့ပါ နိုင်ငံတော်ကို ကျေးဇူး တင်ပါတယ်။ အမြဲဖိတ်ခေါ်တဲ့ စီးပွားကူးသန်းကိုလည်း ကျေးဇူးတင်ပါတယ်။
ဦးတင်ဝင်း (ဒါရိုက်တာ)
မြန်မာ့စီပွားရေးဦးပိုင်လီမိတက်၊ ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်းကုမ္ပဏီလီမိတက်
ကျွန်တော်တို့ ဒီအခေါက် လာရောက်ပြသရောင်းချတဲ့အခါ ထူးထူးခြားခြားအနေနဲ့ မြန်မာဘီယာနဲ့ စီးကရက်ကို ပြသရောင်းချပါတယ်။ စိတ်ဝင်စားမှုရပါတယ်။ ကျွန်တော်တို့အဖွဲ့မှာ ငွေပင်လယ် မွေးမြူရေးနှင့် ရေလုပ်ငန်း ကုမ္ပဏီလိမိတက်ပါတယ်။ အဓိပတိ ပါတယ်။ မြဝတီ ထရိတ်ဒင်းပါပါတယ်။ တရုတ်မှာက ဈေးကွက် အကြီးကြီးရှိတယ်။ သူတို့ဘက်ကလည်း အများကြီးပြသတယ်။ ကျွန်တော်တို့ ဒီမှာလာရောက်ပြသတဲ့အခါ လောလောဆယ် MoU နှစ်စောင် ထိုးဖြစ်ပါတယ်။ မြဝတီလီမိတက်က ပဲ၊ ပြောင်း၊ နှမ်း အမေရိကန်ဒေါ်လာ သန်း ၅၀ ဖိုး ထိုးဖြစ်ပါတယ်။ ငွေပင်လယ်က ရေငန်ငါးမျိုးစုံ ဒေါ်လာလေးသန်းဖိုး ထိုးဖြစ်ပါတယ်။ ရည်ရွယ်ချက်က နှစ်ပိုင်းရှိပါတယ်။ ပထမအချက်က သူတို့ရဲ့ ခင်းကျင်းပြသရောင်းချမှုကို ချိတ်ဆက်ပြီး ကျွန်တော်တို့ရဲ့ ဈေးကွက်ကို ပိုမိုကောင်းမွန်စေဖို့၊ နောက်တစ်ခုက တိုင်းပြည်ရဲ့ အနာဂတ်အခြေအနေက စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အများကြီး လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ အနာဂတ်ဈေးကွက် အခြေအနေကို ဘယ်လို ပြုပြင်ပြောင်းလဲလို့ ရနိုင်မလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာရောက်လေ့လာတာပဲ ဖြစ်ပါတယ်။
ဒေါ်ခင်ဌေးကြွယ်
မြန်မာ့လက်မှုပညာပစ္စည်းများရောင်းချသူ
မြန်မာ့လက်မှုပညာပစ္စည်းတွေဖြစ်တဲ့ ရွှေချည်ထိုးနဲ့ သစ်သားအသုံးအဆောင် ပစ္စည်းတွေကို ကုန်စည် ပြပွဲမှာ လာရောက်ရောင်းချတာ (၁၉) ကြိမ်ရှိပါပြီ။ လက်ရာကောင်းမွန်ပြီး သစ်သားဆိုလည်း သစ်သားအစစ်နဲ့ ပြုလုပ်တဲ့အတွက် ဝယ်ယူသူများပါတယ်။ စိတ်ဝင်စားပြီး အမြဲတမ်းမှာယူသူတွေလည်း ရှိပါ တယ်။ မြန်မာနဲ့တရုတ်က ယဉ်ကျေးမှုချင်းလည်းတူတော့ မြန်မာ့ယဉ်ကျေးမှု လက်မှုပညာကို အားပေးကြတယ်။ မြန်မာပြန်ရောက်ရင်လည်း လာရှာပြီး မှာယူကြတဲ့အတွက် ပို့ပေးရပါတယ်။ အခု လာရောက်ရောင်းချတာ လက်မှုပစ္စည်း အမျိုးပေါင်း (၅၀) လောက်ရှိပြီး ရောင်းအားပိုကောင်းလာပါ တယ်။
တွေ့ဆုံမေးမြန်း- ရဲခေါင်ညွန့်၊ ဓာတ်ပုံ- ဖိုးထောင်