တရုတ်နှစ်သစ်ကူးအကြို အထိမ်းအမှတ် အဖြစ်ယဉ်ကျေးမှု ဖျော်ဖြေပွဲ ကျင်းပမည်

မန္တလေး ၂၁ ဇန်နဝါရီ

 

တရုတ်ကောင်စစ်ဝန်ရုံးမှ ကြီးမှူးပြီးကျင်းပမည့် တရုတ်နှစ်သစ်ကူးအကြို အထိမ်းအမှတ် အဖြစ်ယဉ်ကျေးမှု ဖျော်ဖြေပွဲကို အခုလ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

" ဒီနှစ်က ဝက်နှစ်ပါ တရုတ်မြန်မာ ချစ်ကြည်ရေးကို ရှေးရှုပြီး ကောင်စစ်ဝန်ရုံးက ကြီးမှူးကျင်းပပြီး တရုတ်မြန်မာယဉ်ကျေးမှုကို မျှဝေခံစားစေချင်တဲ့အတွက် ယခုလိုကျင်းပတာဖြစ်ပါတယ်။ အခုကျင်းပတာက ဒုတိယအကြိမ်ပါ''ဟု Mandalay Oversea Chinese အသင်းမှ ဦးမြင့်နိုင်က ပြောသည်။ 

 

အဆိုပါပွဲတွင်  တရုတ်ယဉ်ကျေးမှုအကအလှများ၊ မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုအကအလှများ၊ အန်ပေါင်းများပေးခြင်း၊ စတုဒီသာကျွေးမွေး ဧည့်ခံခြင်းများနှင့် အမှတ်တရဓါတ်ပုံများ ရိုက်ကူးနိုင်ရန် စီစဉ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။ 

 

တရုတ်နှစ်သစ်ကူးအကြို အထိမ်းအမှတ်အဖြစ် ယဉ်ကျေးမှုဖျော်ဖြေပွဲကို ဇန်နဝါရီလ ၃၀ ရက်မှာ ညနေ ၄ နာရီမှ ည ၁၀ နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

 

တရုတ်နှစ်သစ်ကူးအကြို အထိမ်းအမှတ်အဖြစ် ယဉ်ကျေးမှုဖျော်ဖြေပွဲနှင့် ပျော်ပွဲရွှင်ပွဲကို တရုတ်ဗုဒ္ဓဘာသာယဉ်ကျေးမှု အဖွဲ့များဖြစ်ကြသည့် ယူနန် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့၊ ဖူးကျန် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအဖွဲ့၊ ကွမ်းတုံဗုဒ္ဓဘာသာ ယဉ်ကျေးမှုအဖွဲ့၊ မန္တလေးလူမျိုးစု ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအဖွဲ့၊  မန္တလေး Oversea တရုတ်အမျိုးသမီး ယဉ်ကျေးမှုအသင်း၊ ဖူကျင့်အမျိုးသမီး ပရဟိတအသင်း၊ ကျင်းတာယန် အမျိုးသမီး ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့နှင့် နယူးစတားလိုက် ကုမ္ပဏီအုပ်စုတို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

 

အိမို့မို့ခိုင်