နေပြည်တော် ၃၀ ဇန်နဝါရီ
တရုတ်နှစ်သစ်ကူးကာလ ရောက်ရှိရန် နီးကပ်လာပြီဖြစ်၍ မန္တလေးမြို့ရှိ ကျောက်စိမ်း၊ ကျောက်မျက် အဓိက အရောင်းအဝယ် ပြုလုပ်ရာ ကျောက်ဝိုင်းတွင် အရောင်းအဝယ် ရပ်လုနီးပါးအထိ အေးနေကြောင်း ကျောက်အရောင်း အဝယ်လုပ်သူများထံမှ သိရသည်။
တရုတ်နှစ်သစ်ကူးကာလမှာ ဖေဖော်ဝါရီ ၄ ရက်တွင် ကျရောက်မည်ဖြစ်ပြီး တရုတ်လူမျိုးများသည် ယခုကဲ့သို့ နှစ်ကူးကာလနီးချိန်တွင် အရောင်းအဝယ်ကိစ္စများ လုပ်လေ့မရှိဘဲ တစ်နှစ်တာအတွင်းပြုလုပ်ခဲ့သော အရောင်းအဝယ်များအပေါ်တွင် စာရင်းချုပ်ခါ အရှုံအမြတ်တွက်ချက်သော ကာလဖြစ်ကြောင်း သိရသည်။
"မန္တလေး ကျောက်ဝိုင်းမှာ ကျပ်ထောင်ဂဏန်းတန်တဲ့ ကျောက်ကနေ ကျပ်သိန်းပေါင်း ထောင်ဂဏန်းအထိ တန်တဲ့ ကျောက်တွေ အရောင်းအဝယ်ဖြစ်နေတဲ့ နေရာဖြစ်ပါတယ်။ ကျောက်မျက်ပြပွဲလို သိန်းပေါင်း သောင်းချီအလုပ်ဖြစ်တဲ့ အရောင်းပြပွဲတွေ ရှိပေမယ့် မန္တလေးကျောက်ဝိုင်းလို တစ်နှစ်ပတ်လုံး အရောင်းအဝယ်ရှိတဲ့ မန္တလေးကျောက်ဝိုင်းက အရောင်းအဝယ် ပိုများပါတယ်။ ပါဝင်ရောင်းဝယ်ကြတဲ့သူ အရေအတွက်လည်း ပိုများပါတယ်။ အခုလို အရောင်းအဝယ်အေးတဲ့အခါမှာ ကျောက်သမားတွေ အခက်အခဲတော့ရှိပါတယ်" ဟု ကျောက်ဝယ်ရောင်းလုပ်သူ ကိုမျိုးသန့်က ပြောသည်။
မန္တလေးကျောက်ဝိုင်းတွင် ကျောက်ဝယ်ရောင်းလုပ်သူအများစုမှာ ဝယ်ယူရင်းနှီးမြှုပ်နှံထားပြီး ကြိုက်ဈေးရမှ ပြန်လည်ရောင်းချသူ နည်းပါးပြီး နေ့စဉ်ဝင်ငွေသဘော လာရောက်ရောင်းဝယ်ကြသူ များပြားသည်။
ထို့ကြောင့် အသုံးငွေလိုအပ်နေသူများ မဖြစ်မနေ ရောင်းချရသူများမှာ ယခင်ပေးဈေး၏ ထက်ဝက်ခန့်သာ ရရှိကြောင်း သိရသည်။
အေးမြ(မန္တလေး)