ရန်ကုန် ၅ မေ
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ဦးဆောင်ကာ ပိုးလမ်းမတစ်လျှောက် အရပ်ဖက်အဖွဲ့အစည်းများ လက်တွဲပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် တစ်ကိုယ်ရေကာကွယ်ရေး ဝတ်စုံ(PPE)နှင့် နှာခေါင်းစည်း အပါအဝင် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနသို့ လှူဒါန်းသည့် အစီအစဉ်ကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂) ၌ ပြုလုပ်သည်။
အဆိုပါအစီအစဉ်တွင် တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူတို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ(PPE) အစုံ ၃၆၀၀၊ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ၁,၂၀၀,၀၀၀၊ မျက်နှာဖုံး (Medical Eye Shields) ၉၇၀၀ ၊ ကိုယ်အပူချိန်တိုင်း ကိရိယာ ၈၀၀၊ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် ၈၅၄,၅၀၀,၀၀၀ တို့ကိုလည်းကောင်း၊ ပညာရေးဝန်ကြီးဌာနအတွက် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ၃၀၀,၀၀၀ တို့ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာတာဝန်ရှိသူတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
အလားတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ကူညီမှုအနေဖြင့် ဧပြီ ၈ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ အဖွဲ့ဝင် ၁၂ ဦး ပါဝင်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့အား စေလွှတ်ပေးမှုနှင့်အတူ ဆေးဝါးကုသမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် အသက်ရှူစက်ကိရိယာ (Ventilator) များကိုလည်း ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးခဲ့သည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး


