ပေကျင်း မတ် ၂၄
တရုတ်နိုင်ငံမှ လွှတ်တင်ခဲ့သည့် ရှန်ဇူး-၁၃ အာကာသယာဉ်မှ ယာဉ်မှူးများသည် တရုတ်အာကာသစခန်းမှနေ၍ တရုတ်နိုင်ငံရှိ ကျောင်းသားများအား သိပ္ပံပညာဆိုင်ရာ သင်ခန်းစာများ ဒုတိယအကြိမ် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်ခန်းစာများတွင် အာကာသယာဉ်မှူးဇိုင်ဇီဂန်း၊ ဝမ်ရာပင်းနှင့် ရီဂေါင်ဖူတို့က အာကာသစခန်းအတွင်း ဆွဲအားမဲ့သည့် ပတ်ဝန်းကျင်တွင်နေထိုင်၍ သိပ္ပံပညာဆိုင်ရာ စမ်းသပ်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်း အပါအဝင် အာကာသစခန်းအတွင်းရှိ လုပ်ငန်းခွင်များကို ကျောင်းသားများအား လက်တွေ့တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ကြောင်း သိရသည်။ အဆိုပါပို့ချမှုများအတွင်း ကျောင်းသားများ၏ မေးမြန်းချက်များကို ၎င်းတို့က ဗီဒီယို ကွန်ဖရင့်မှတစ်ဆင့် ဖြေကြားခဲ့သည်။ အဆိုပါ ပို့ချချက်များ ပို့ချရန်ပင်မစာသင်ခန်းမကို တရုတ်နိုင်ငံသိပ္ပံနှင့် နည်းပညာ ပြခန်းတွင် ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လာဆာမြို့၊ တရုတ် နိုင်ငံအရှေ့မြောက်ပိုင်း ရှန်ကျင်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယူရီကွမ်မီ မြို့တို့တွင်လည်း အဆိုပါပို့ချချက်များ သင်ယူနိုင်ရန် စာသင်ခန်းများဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ၎င်းအာကာသ ယာဉ်မှူး သုံးဦးသည် ယမန်နှစ် အောက်တိုဘာ ၁၆ ရက်က တရုတ် အာကာသစခန်းသို့ စတင်သွားရောက်ခဲ့ပြီး တာဝန်များ စတင်ထမ်းဆောင်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ