တရုတ်နိုင်ငံ Guangxi ပြည်နယ် နန်နင်းမြို့တွင် မြန်မာ့အော်ဂဲနစ်လက်ဖက်ဆိုင် စတင်ဖွင့်လှစ်

မန္တလေး ၁၃ ဇန်နဝါရီ

 

တရုတ်နိုင်ငံ Guangxi ပြည်နယ် နန်နင်းမြို့တွင် မြန်မာ့အော်ဂဲနစ်လက်ဖက်ဆိုင်ကို ယခုလ ၄ ရက်က ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်နိုင်ခဲ့သည်ဟု MYANMAR TEA GARDEN ကုမ္ပဏီမှ သိရသည်။

 

MYANMAR TEA GARDEN သည် တော်ဝင် ကမ္ဘောဇတောင်တန်း၊ ကိုးကန့်ရွှေတောင်ကိုးလုံးဘရားသား၊ ရသာဝသီစသည့် ကုမ္ပဏီ သုံးခုပေါင်းပြီ ဖွင့်လှစ်ထားသည့် ကုမ္ပဏီဖြစ်သည်။ အဆိုပါကုမ္ပဏီမှ ဥရောပ၊ အမေရိကန်မှ အသိမှတ်ပြုလက်မှတ်ပြုရရှိထားသည့် မြန်မာပြည်၏ လက်ဖက်စို၊ လက်ဖက်ခြောက်များကို ထုတ်လုပ်တင်ပို့နေကြောင်း သိရသည်။ 

 

"နှစ်စဉ် အာဆီယံ ဈေးပွဲတော်တစ်ခုကိုသွားတယ်။ ကျွန်တော်တို့ လက်ဖက်ကုမ္ပဏီတွေကို သွားပြကြတယ်။ ရောင်းကြတယ်။ သုံးနှစ်လောက် ရှိသွားတဲ့အခါမှာ တရုတ်တွေလည်း မြန်မာ့လက်ဖက်ကို စိတ်ဝင်စား လာကြတယ်။ အဓိက လက်ဖက်စို စားသုံးမှုပုံစံကို သူတို့ပိုစိတ်ဝင်စားတယ်။ တစ်နှစ်တစ်ခါမှ ပရိုမိုးရှင်းအနေနဲ့ လာရောင်းတာတို့ လာပြတာတို့ လုပ်နေမယ့်အစား အမြဲတမ်း ဈေးကွက်ကို ထိတွေ့နိုင်အောင် ကျွန်တော်တို့ ကုမ္ပဏီသုံးခုပေါင်းထားတဲ့ MYANMAR TEA GARDEN ကအဲဒီမှာ ဆိုင်ဖွင့်ဖို့အတွက် နေရာတစ်ခုရအောင်စီးပွားကူးသန်း ဝန်ကြီးဌာနမှာ ကျွန်တော်တို့ လျှောက်ခဲ့တယ်'' ဟု MYANMAR TEA GARDEN ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင်ဖြစ်သည့် ရသာဝသီကုမ္ပဏီ ဒါရိုက်တာ ဦးမျိုးဝင်းအောင်က ပြောသည်။ 

 

တော်ဝင် ကမ္ဘောဇတောင်တန်း၊ ကိုးကန့်ရွှေတောင်ကိုးလုံးဘရားသား၊ ရသာဝသီ ကုမ္ပဏီ ၃ ခုပေါင်းပြီး ၂၀၁၆ ခုနှစ်တွင် တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်  မြန်မာပြည်၏ အော်ဂင်းနစ် လက်ဖက်စို၊ လက်ဖက်ခြောက် ရောင်းချသည့် ဆိုင်ဖွင့်လှစ်ခဲ့သည်။ 

 

တရုတ်နိုင်ငံတွင် လက်ဖက်ဈေးကွက်ချဲ့ထွင်ရခြင်းနှင့်ပတ်သက်လို့ အခက်ခဲ မရှိနိုင်ကြောင်းကို ဦးမျိုးဝင်းအောင်က  ''တရုတ်က ကျွန်တော်တို့ထက် လက်ဖက်ပိုများတယ်။ ဒါပေမယ့် သူတို့မှာ အရည်အသွေး ကောင်းတဲ့၊ ကွာလတီကောင်းတဲ့ ပရီမီယံ ဖြစ်တဲ့ ကွာလတီမျိုးကြတော့ ကျွန်တော်တို့ကို မယှဉ်နိုင်ဘူးပေါ့နော်။ မယှဉ်နိုင်တော့ အဓိက ကျွန်တော်တို့ရဲ့ တကယ် အရည်အသွေးကောင်းတဲ့ လက်ဖက်ကုန်ကြမ်းပဲ ပြောပြောပေါ့နော် သူတို့က အရည်အသွေး ကောင်းရင် စိတ်ဝင်စားတယ်။ အဲဒီတော့ ကျွန်တော်တို့က သိပ်ပြီးတော့မှ အခက်အခဲ မတွေ့နိုင်ဘူး''ဟု ဆိုသည်။ 

 

တရုတ်နိုင်ငံတွင် မြန်မာ့ အော်ဂင်းနစ်လက်ဖက်ဆိုင်ဖွင့်လှစ်ထားပြီး  တရုတ်လက်ဖက်ဈေးကွက်တွင် အမှတ်တံဆိပ်  register လုပ်ရန်၊ တရုတ်နိုင်ငံ FDA ထောက်ခံချက် ရရှိရန် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။ 

 

မြန်မာ့လက်ဖက် ပြည်ပဈေးကွက် ရရှိရန်အတွက် MYANMAR TEA GARDEN ကုမ္ပဏီမှ ကြိုးစားနေပြီး လက်ဖက်အစိုကုန်ကြမ်းကို အမေရိကန်၊ ဆန်ဖရန်စစ္စကို စသည့်နိုင်ငံများအား တင်ပို့နေပြီး ကုန်ချောအဖြစ် ဆက်လက်တင်ပို့နိုင်အောင် ဆောင်ရွက်နေကြောင်း သိရသည်။ 

 

အိမို့မို့ခိုင်

 

111