နေပြည်တော် ၃၁ ဇန်နဝါရီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသော 2019 - nCoV Infection ရောဂါဖြစ်ပွားမှု နှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်များ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ်ဝင်/ ထွက်ပေါက်များတွင် အဖျားလက္ခဏာနှင့် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ကျိုးမြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာသော China Southern Airlines လေယာဉ် တစ်စီးပေါ်တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများဖြင့် ခရီးသည် (၁) ဦး လိုက်ပါလာကြောင်း လေယာဉ်မဆင်းသက်မီကပင် လေယာဉ်မှူးက အကြောင်းကြားလာသဖြင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လူဝင်မှုဆိုင်ရာဆိပ်ကမ်းကျန်းမာရေးဌာနမှ တာဝန်ရှိသူများသည် ခရီးသည်အား ကျန်းမာရေးစစ်ဆေးပေးရန်နှင့် လိုအပ်ပါက သီးခြားထားရှိ ဆေးကုသမှုပေးနိုင်ရန်အတွက် အဆိုပါလေယာဉ်ပေါ်သို့ ရောဂါကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်၍ တက်ရောက်စစ်ဆေးခဲ့သည်။
ယင်းလေယာဉ်ပေါ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အသက် (၅၆)နှစ်အရွယ် အမျိုးသား (၁) ဦးသည် ဖျားခြင်း၊ နှာချေခြင်း လက္ခဏာများရှိနေကြောင်းတွေ့ရှိရပြီး အဆိုပါ ခရီးသည်သည် ကွမ်ကျိုးမြို့တွင် နေထိုင်သူဖြစ်ကာ ကွမ်ကျိုးမြို့မှ မြန်မာနိုင်ငံသို့ လိုက်ပါလာ ခြင်းဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့သို့ ခရီးသွားရောက်ခဲ့ခြင်း မရှိကြောင်း နှင့် 2019-nCoV Infection ဖြစ်ပွားသည်ဟု အတည်ပြုသော လူနာ(သို့မဟုတ်) သံသယ လူနာများဖြင့် အနီးကပ်ထိတွေ့ခဲ့သည့် ရာဇဝင်မရှိကြောင်း သိရှိရသည်။
အဆိုပါ လူနာအား သီးခြားထားရှိ ကုသမှုပေးနိုင်ရန်အတွက် ဝေဘာဂီအထူးကု ဆေးရုံကြီး(ရန်ကုန်)သို့ သတ်မှတ်ထားသော လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ပြီး ဆေးရုံတွင် အထူးကုဆရာဝန်ကြီးများက လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကာ လူနာ၏ လက်ရှိအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပြီး သီးခြားခန်း (Isolation Room)တွင် ထားရှိ၍ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိသည်။
အဆိုပါလူနာသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော 2019-nCoV Infection ရောဂါသံသယ (သို့မဟုတ်) အတည်ပြုလူနာသတ်မှတ်ချက်များနှင့် မကိုက်ညီသော်လည်း ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း လက္ခဏာများရှိနေပြီး ၎င်း နေထိုင်သည့် ကွမ်ကျိုးမြို့သည် ဟူနန်ပြည်နယ်တွင် တည်ရှိပြီး ရောဂါကူးစက်ဖြစ်ပွားနေသည့် ဟူပေပြည်နယ်နှင့် နီးကပ်နေသဖြင့် စောင့်ကြပ်ကြည့်ရှုရန်နှင့် မြန်မာနိုင်ငံအတွင်းသို့ ရောဂါကူးစက်ဝင်ရောက်မှု မရှိစေရေးအတွက် လူနာအား သီးခြားထားရှိ၍ ကုသမှုပေးနေခြင်းဖြစ်သည်။
အဆိုပါ လူနာလိုက်ပါလာသည့် China Southern AIRLINE လေယာဉ်ခရီးစဉ်အမှတ် CZ 3066 ပေါ်တွင် နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံသား နှစ်ဦး အပါအဝင် စုစုပေါင်း ခရီးသည် ၇၉ ဉီးနှင့် လေယာဉ် အမှုထမ်း (၇)ဦး လိုက်ပါလာခဲ့သည်။
လေယာဉ်ဖြင့် လိုက်ပါလာသူ မြန်မာနိုင်ငံသား အမျိုးသား(၂)ဦးတွင် 2019-nCoV Infection ရောဂါသံသယဖြစ်ဖွယ် လက္ခဏာများ တစ်စုံတစ်ရာတွေ့ရှိရခြင်း မရှိသော်လည်း ၎င်းတို့အား ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ဆောင်ရွက်လျက်ရှိသည်။
ဓါတ်ခွဲစစ်ဆေးနိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသားခရီးသည်ထံမှ ဓါတ်ခွဲ နမူနာများရယူ၍ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) မှတစ်ဆင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ညှိနှိုင်းဓာတ်ခွဲစစ်ဆေးရန် စီစဉ်ထားရှိပြီးဖြစ်သည်။
အဆိုပါ လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများအား ခွဲခြားထားရှိ၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ် (Quarantine)ကို (၂) ပတ် ဆောင်ရွက်မည် ဖြစ်ကြောင်း အသိပေးဆွေးနွေးခဲ့ရာ ၎င်းတို့ သဘောဆန္ဒအရ မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်မှုမရှိဘဲ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာသွားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
သတင်းစဉ်