မူဆယ် ၂၈ နိုဝင်ဘာ
တရုတ်-မြန်မာ နယ်စပ်တွင် မြန်မာဘက်မှ ဖရဲသီးကားများ တရုတ်ထဲဝင်ဖို့အတွက် ကျင်စန်းကျော့ ဂိတ်ပေါက်အနီးမှာ အစီးရေ ရာနဲ့ချီပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတယ်လို့ ဖရဲကုန်သည်တွေက ပြောပါတယ်။
နှစ်နိုင်ငံ ဖရဲသီးရောင်းဝယ်မူကို မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် နယ်မြေအတွင်းမှာရှိတဲ့ အရှေ့မြောက် တံခါးအများနှင့် သက်ဆိုင်သော ကုမ္ပဏီ သစ်သီးရောင်းဝယ်ကွင်းတွင် ရာသီအလိုက် သီးနှံပေါ်ချိန်ရောက်တိုင်း နံနက် ၇ နာရီခွဲမှ ၉ နာရီဝန်းကျင်ထိ အရောင်းအဝယ် ပြုလုပ်ကြတာဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့် ဖရဲသခွားကားများမှာ ကျင်စန်းကျော့လမ်းမှတစ်ဆင့် ဝမ်တိန် နှစ်နိုင်ငံအသီးရောင်းဝယ်ကွင်းကို ဆက်လက်ထွက်ခွာခဲ့ကြတာ ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ (၁၀၅)မိုင် အသီးရောင်းကွင်းမှာ အရောင်းအဝယ်ဖြစ်ပြီးရင် ဝမ်တိန် အသီးရောင်းကွင်းကို ဆက်လက်ထွက်ခွာခဲ့ကြတာ ဖြစ်ပါတယ်၊ အခု ကျင်စန်းကျော့ဂိတ်အဝင်မှာ အချိန်အနည်းငယ် ကြာတဲ့အတွက် ဟိုဘက်ကမ်းက ဝယ်လက်တွေအနေနဲ့ အသီးပြန်ဝယ်ယူတဲ့အခါ အချိန် နောက်ကျတာပေါ့။ ကျွန်တော်တို့ဘက်ကတော့ ၉ နာရီမထိုးခင် ဖရဲသီးကားတော်တော်များများ၊ ကျင်စန်းကျော့ လမ်းမပေါ် ကျင်စန်းကျော့ ဂိတ်ပေါက်အနီးကို ရောက်နေပါတယ်။ တရုတ်ဘက်က တာဝန်ရှိသူတွေက သူတို့နိုင်ငံ မူဝါဒအရ ဂိတ်အဝင်အထွက်မှာ စစ်ဆေးမှုတွေလုပ်ပါတယ်။ အဓိကတော့ ယာဉ်မောင်းလိုင်စင်နဲ့ မှတ်ပုံတင်ပေါ့၊ ကျန်တာတော့ ထွေထွေထူးထူးမစစ်ပါဘူး။ လူအဝင်လည်း များတယ်၊ ကားအဝင်လည်းများတယ် ဆိုရင်တော့ စောင့်ရတဲ့အချိန်ကြာတာပေါ့။ တခါတလေဆိုရင် မနက်ကတည်းက နေ့လယ်ပိုင်းထိ ဝင်လို့မရတဲ့ အသီးကားတွေလည်းရှိတယ်။ နောက်ကျမှ ဝင်လို့ ရတာပေါ့၊ ဒီလိုနောက်ကျရင်တော့ ရာသီဥတုက အရမ်းပူတယ်၊ ဒါမှမဟုတ် မိုးက တအားရွာတယ် ဆိုရင်တော့ အသီးအရည်အသွေးပိုင်း အနည်းငယ်ထိခိုက်တာပေါ့၊ တချို့ကားဆရာတွေက ဂိတ်သွားနေတဲ့အချိန် နောက်ကကားတွေက ကျော်တက်ပြီး လမ်းပိတ်တာတွေလည်း တစ်ခါတစ်လေ ကြုံရပါတယ်။ ကားပိတ်တဲ့အခါကျရင်တော့ အချိန်ပိုကြာတာပေါ့။ အချိန်ကြာလေလေ အသီးက နာလေလေပေါ့။ အားလုံးအဆင်ပြေဖို့ဆိုတာ သူတို့နိုင်ငံကိုတော့ သွားပြောလို့မရဘူးပေါ့။ အဓိက ကိုယ့်နိုင်ငံ သူတွေက သူတို့သတ်မှတ်ထားတဲ့အတိုင်း မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင် စသဖြင့် အထောက်အထား ပြည့်ပြည့်စုံစုံပါလာမယ်၊ ကိုယ့်ဘက်ကလည်း အဝင်အထွက်မှာ စည်းကမ်းတစ်ကျ ဝင်မယ့်ကားတွေကိုလည်း ကျော်မတက်ဘဲ သူ့စည်းကမ်းနဲ့သူ မောင်းမယ်ဆိုရင်တော့ အချိန်က ပြောသလောက် မကြာပါဘူး။ အခုကြတော့ အချိန်ကလည်းကြာ၊ ကားကလည်းများဆိုတော့ အစစအရာရာ အခက်အခဲတော့ အနည်းငယ်ရှိကြတာပေါ့”ဟု ကုန်တင်ကားဆရာတစ်ဦးက ပြောသည်။
မူဆယ်နယ်စပ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နယ်မြေအတွင်းရှိ နှစ်နိုင်ငံ သစ်သီးရောင်းဝယ်ကွင်းတွင် ယခုရက်ပိုင်း ဖရဲသခွားကား အစီးရေ (၂၀ဝ)ကျော် (၃၀ဝ) ဝန်းကျင်ခန့် ဝင်ရောက် ရောင်းချ နေတာဖြစ်ပြီး အဆိုပါအသီးကားများသည် တရုတ်နိုင်ငံ ဝမ်တိန်အသီးကွင်းသို့ ကျင်စန်းကျော့ လမ်းမှတစ်ဆင့် နေ့စဉ်အဝင်အထွက် ပြုလုပ်နေကြောင်း သိရသည်။
သန့်ဇင် (မူဆယ်)