ပေကျင်း ဧပြီ ၁၂

 

တရုတ်နိုင်ငံ မြို့တော်ပေကျင်းအပါအဝင် အခြားသောနေရာများ၌ ယမန်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် အဝါရောင်သဲများ ပျံ့နှံ့လျက်ရှိပြီး  လေထုညစ်ညမ်းမှုအန္တရာယ်အဆင့်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

 

လေပြင်းတိုက်ခတ်မှုကြောင့် ကုန်းတွင်းပိုင်းဒေသများနှင့် မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ အဝါရောင်သဲများသည် တရုတ်နိုင်ငံမြောက်ပိုင်းနှင့် အခြားဒေသများသို့ ပျံ့နှံ့လွင့်ပျံတက်ခဲ့ကြောင်း တရုတ်မိုးလေဝသ တာဝန်ရှိသူများက ပြောကြားသည်။

 

မြို့တော်ပေကျင်းရှိ လေထုအတွင်း၌ အဝါရောင်ဖုန်မှုန့်များ ဖုံးလွှမ်းနေပြီး လေထုအရည်အသွေးသည် ဧပြီ ၁၁ ရက် တိုင်းတာချက်အရ တရုတ်နိုင်ငံမှ သတ်မှတ်ထားသည့် အဆင့်ခြောက်ဆင့်စကေးတွင် အဆိုးဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။

 

အဝါရောင်သဲများ ပျံ့နှံ့လျက်ရှိသည့်အတွက် ပြည်သူများက နှာခေါင်းစည်းများဝတ်ဆင်ထားပြီး ကားများပေါ်တွင်လည်း ဖုန်မှုန့်များ တင်ကျန်ရစ်နေကြောင်း သိရသည်။

 

တရုတ်နိုင်ငံမြောက်ပိုင်းနှင့် မွန်ဂိုလီးယားဒေသများတွင် မိုးအနည်းငယ်ရွာသွန်းမှုနှင့် ရာသီအလိုက် လေပြင်းတိုက်ခတ်မှုများကြောင့် သဲမုန်တိုင်းများ တိုက်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဧပြီ ၁၂ ရက်တွင်လည်း နိုင်ငံ၏မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် အဝါရောင်သဲများ ပျံ့လွင့်မှုကို တွေ့မြင်ရဖွယ်ရှိကြောင်း မိုးလေဝသ တာဝန်ရှိသူများ ကဆိုသည်။ နေအိမ်ပြင်ပသို့ သွားမည်ဆိုပါက နှာခေါင်းစည်းများ ဝတ်ဆင်သွားသင့်ကြောင်းနှင့် ကားမောင်းသူများအနေဖြင့်လည်း သတိထားမောင်းနှင်ကြရန် လိုအပ်ကြောင်း ၎င်းတို့က ပြည်သူများအား သတိပေး ပြောကြားသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်