မူဆယ် ၁၆ အောက်တိုဘာ
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ကြက်ခြေနီအသင်းသည် အောက်တိုဘာ ၁၄ ရက်တွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့သို့ တရုတ်ယွမ်ငွေ ၂၀၁၇၆၀၀ (မြန်မာကျပ်ငွေ သိန်း ၃၉၀၀ ခန့်) တန်ဖိုးရှိသည့် COVID-19 ရောဂါ ပိုးရှိ/မရှိ စစ်ဆေးရေးစက်နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့သည်။
အဆိုပါ လှူဒါန်းပွဲသို့ ရွှေလီမြို့တော်ဝန် Mr. Xie Dapeng ၊ မူဆယ်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာနှင့်အတူ နှစ်နိုင်ငံ ပြည်ပရေးရာဌာန၊ ကြက်ခြေနီအသင်း၊ ကျန်းမာရေး၊ ရောဂါထိန်းချုပ်ရေးဆိုင်ရာဌာန အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ COVID-19 ရောဂါပိုးရှိ/မရှိ စစ်ဆေးရေးစက်ကို တပ်ဆင်အသုံးပြုပါက တစ်ရက်လျှင် လူဦးရေ ၂၀၀၀ ခန့်ကို စစ်ဆေးနိုင်မည်ဖြစ်ရာ မူဆယ်ခရိုင်၏ COVID-19 ရောဂါ ပိုးရှိ/မရှိ စစ်ဆေးနိုင်စွမ်းကို များစွာမြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး ကပ်ရောဂါပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်ပေးနိုင်မည် ဖြစ်သည်။ ရွှေလီမြို့မှ နည်းပညာကျွမ်းကျင်သူနှင့် စစ်ဆေးရေးပညာရှင် ၄ ဦးဖြင့် ဖွဲ့စည်းထားသော ပညာရှင်များ အဖွဲ့ကိုလည်း မူဆယ်မြို့သို့ စေလွှတ်၍ ၎င်းစက်ပစ္စည်းကို ကူညီတပ်ဆင်ပေးပြီး အသုံးပြုနည်းများကိုလည်း သင်ကြားပေးခဲ့သည်။
MDN


