တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် စီချွမ်ပြည်နယ်တို့တွင် မိုးခေါင်ရေရှားမှုကယ်ဆယ်ရေးအတွက် ယွမ် ၁၇၄ သန်း လျာထား

ပေကျင်း    ဧပြီ    ၉ 
တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် စီချွမ်ပြည်နယ်တို့တွင် မိုးခေါင်ရေရှားမှု ကယ်ဆယ်ရေးအတွက် ဗဟိုအစိုးရရန်ပုံငွေမှ ယွမ် ၁၇၄ သန်း (အမေရိကန် ဒေါ်လာ ၂၄ ဒသမ ၅၁ သန်းခန့်) လျာထားကြောင်း တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီ ၈ ရက်တွင် ပြောကြားသည်။
အဓိကထားအသုံးပြုသွားမည်
တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ရေအရင်းအမြစ်ဝန်ကြီးဌာနတို့မှ ခွဲဝေချထားပေးသော အဆိုပါ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး ရန်ပုံငွေကို ပြည်နယ်နှစ်ခုအတွင်းရှိ မိုးခေါင်ရေရှားမှု ဒဏ်ခံရသော   ဒေသများ၌ သောက်သုံးရေနှင့် စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရန်အတွက် အဓိကထား အသုံးပြုသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားသည်။
မြင့်တက်ဖွယ်ရှိ
အဆိုပါပြည်နယ်နှစ်ခု၏ အပူချိန်များသည် ဧပြီလတွင် ပုံမှန်နှစ်များထက် တစ်ဒီဂရီစင်တီဂရိတ်မှ နှစ်ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ဖွယ်ရှိကြောင်း တရုတ်နိုင်ငံ မိုးလေဝသဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။
မိုးခေါင်ရေရှားမှုသည် ယင်းပြည်နယ်နှစ်ခုတွင် ဆက်လက်ဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးများက ပြောကြားခဲ့ပြီး  ရေအရင်းအမြစ် စီမံခန့်ခွဲမှုကို အားကောင်းအောင် လုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း သိရသည်။ 
ကိုးကား-ဆင်ဟွာ၊ဘာသာပြန်-အလင်းသစ်