ဇူလိုင် ၂၆
တရုတ်နိုင်ငံအရှေ့ပိုင်းဖူဂျီအန်းပြည်နယ်တွင် တိုင်ဖွန်းမုန်တိုင်းဂေမီတိုက်ခတ်တိုက်ခတ်ခဲ့ရာ ယနေ့မနက် ၆ နာရီအထိ လူပေါင်း ၆၂၈၆၀၀ ခန့် ထိခိုက်မှုရှိကြောင်း ဒေသအာဏာပိုင်များက ပြောကြားသည်။
အဆိုပါမုန်တိုင်းသည် ယခုနှစ်အတွင်း တတိယအကြိမ်မြောက်တိုက်ခတ်သော တိုင်ဖွန်းမုန်တိုင်းဖြစ်သည်။ လက်ရှိအချိန်အထိ ပြည်သူ ၂၉၀၀၀၀ ခန့်ကို ဘေးလွတ်ရာနေရာများသို့ရွှေ့ပြောင်းပေးခဲ့သည်ဟု ဒေသအာဏာပိုင်များကဆိုသည်။
ထိုမုန်တိုင်းသည် ဖူဂျီအန်းပြည်နယ် ပူတီအန်းမြို့ရှိ Xiuyu ခရိုင်တွင် ယမန်နေ့ညနေပိုင်းက ဒုတိယအကြိမ် ကုန်းတွင်းပိုင်းသို့ တစ်နာရီလျှင် အမြင့်ဆုံးလေတိုက်နှုန်း ၁၁၈ ဒသမ ၈ ကီလိုမီတာဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့သည်။ အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ကီလိုမီတာ ၂၀ ခန့်ဖြင့် ရွေ့လျားသွားပြီး ဖြည်းဖြည်းချင်း အားလျော့သွားကြောင်းနှင့် ယင်းမုန်တိုင်းသည် ယနေ့မွန်းလွဲပိုင်းဝန်းကျင်းတွင် ချန်စီပြည်နယ်သို့ ရောက်ရှိမည်ဟု ယူဆရကြောင်း ဖော်ပြထားသည်။
စီရင်စု ၁၅ ခုရှိ မြို့နယ် ၇၂ ခုတွင် ဇူလိုင်လ ၂၄ ရက် မနက် ၆ နာရီမှ သောကြာနေ့မနက် ၆ နာရီအထိ တိုက်ခတ်မှုကြောင့် မိုးရေချိန် ၂၅၀ မီလီမီတာအထက် ရွာသွန်းခဲ့ပြီး စီရင်စုကိုးခုရှိ မြို့နယ် ၁၂ ခုတွင် မိုးရေချိန် မီလီမီတာ ၄၀၀ အထက်နှင့် မိုးရေချိန် အမြင့်ဆုံး ၅၁၂ ဒသမ ၈ မီလီမီတာအထိ ရောက်ရှိခဲ့သည်ဟု ဒေသမိုးလေဝသအာဏာပိုင်များက ပြောသည်။
ဂေမီမုန်တိုင်းသည် တရုတ် ( တိုင်ပေ ) ယီလန်စီရင်စုတွင် ယမန်နေ့ညသန်းခေါင်ယံအချိန်က စတင်ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ရာ နှစ်ဦးသေဆုံးပြီး ၂၀၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသအာဏာပိုင်များကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို