အော့တဝါ ၂၈ ဇန်နဝါရီ
ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးသည် တရုတ်နိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး ဂျွန်မက်ကော်လမ်ကို ရာထူးမှဖယ်ရှားလိုက်ကြောင်း သိရသည်။
တရုတ်နည်းပညာလုပ်ငန်းစု ကုမ္ပဏီကြီးတစ်ခု ဖြစ်သည့် ဟွာဝေးအမှုဆောင်ချုပ် မန်ဝမ်ကျို့ကို လွှဲပြောင်းပေးဖွယ်ရှိသည့် ကိစ္စနှင့်ပတ်သက်၍ သံအမတ်ကြီး၏ အငြင်းပွားဖွယ်မှတ်ချက်ပေါ်ထွက် လာခဲ့ပြီးနောက်တွင် ၄င်းအား ရာထူးမှထုတ်ပယ် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
မက်ကော်လမ်အား ရာထူးမှနုတ်ထွက်ရန် တိုက်တွန်းခဲ့ပြီး ၄င်း၏နုတ်ထွက်စာကို လက်ခံခဲ့သည်ဟု စနေနေ့တွင် ကနေဒါ ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ပြီးခဲ့သည့် အင်္ဂါနေ့က မက်ကော်လမ်သည် တိုရွန်တို၌ တရုတ်သတင်းမီဒီယာများသို့ ပြောကြားခဲ့သည့် ၄င်း၏မှတ်ချက်နှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။
ကနေဒါ၌ ဖမ်းဆီးခံခဲ့ရသည့် ဟွာဝေးအမှုဆောင်ချုပ် မန်ဝမ်ကျို့ကိစ္စနှင့်ပတ်သက်၍ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် က ပြီးခဲ့သည့်လအတွင်းက ပြောဆိုခဲ့မှုကို ၄င်းက ကိုးကားခဲ့သည်။ ထရမ့်က အမေရိကန်၏ ကုန်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားကို ဆောင်ကြဉ်းပေးနိုင်မည်ဆိုပါက မန်ဝမ်ကျို့၏ အမှုကိစ္စတွင် ကြားဝင်စွက်ဖက်ရန် ပြင်ဆင်ထားကြောင်း ဖော်ပြခဲ့သည်။
ထရမ့်၏ ထိုသို့မှတ်ချက်ပေးခဲ့မှုကို မက်ကော်လမ်က မန်ဝမ်ကျို့ကိစ္စကို နိုင်ငံရေးကိစ္စအဖြစ်ပြောင်းလဲရန် ကြိုးပမ်းမှု တစ်ခုဖြစ်ကြောင်း၊ မန်ဝမ်ကျို့အနေဖြင့် ၄င်းအမှုအား လွှဲပြောင်း မည့်အရေးကို ကန့်ကွက်သည့် လျှောက်လဲခွင့်ကောင်းကောင်း ရှိကြောင်း ၄င်းက ပြောခဲ့ကြောင်း သိရသည်။ နောက်ပိုင်းတွင် မက်ကော်လမ်က ၄င်းအနေဖြင့် အပြောအဆိုမှားယွင်းခဲ့ကြောင်း ပြန်လည်ဝန်ချတောင်းပန်ခဲ့သည်။
အင်န်အိတ်ချ်ကေ