ပေကျင်း ၂၀ မေ 

မကြာသေးမီရက်ပိုင်းအတွင်း  အမေရိကန်က  ပြောဆိုခဲ့သည့် စကားလုံးများနှင့် အပြုအမူများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုသို့ ပြောကြားလိုက်ကြောင်း သိရသည်။

ဝမ်သည် မေ ၁၈ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုနှင့် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုသည်။

မစ္စတာဝမ်ယိက  ၄င်းအနေဖြင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် တရုတ်ကုမ္ပဏီများ၏ အကျိုးစီးပွားကို ထိခိုက်အောင်လုပ်ဆောင်နေသည့် အမေရိကန်၏ နိုင်ငံရေးအရဖြေရှင်းမှုပုံစံနှင့် အခြားလုပ်ရပ်များကို ပြင်းပြင်းထန်ထန်  ကန့်ကွက်ကြောင်း  မစ္စတာပွန်ပီအိုသို့  ပြောကြားခဲ့သည်ဟု အာဏာပိုင်များက ဖော်ပြသည်။

တရုတ်နည်းပညာလုပ်ငန်းစုကြီးဖြစ်သည့် ဟွာဝေးကုမ္ပဏီနှင့် ဆက်စပ်ကုမ္ပဏီများကို  အမေရိကန်က အမည်ပျက်စာရင်းတွင်  ထည့်သွင်းလိုက်ပြီးနောက်တွင်   တရုတ်နှင့်  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးတို့၏ ဆွေးနွေးမှုပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။  အမေရိကန်ကုမ္ပဏီများအနေဖြင့် အမည်ပျက်စာရင်းတွင်  ပါဝင်သည့်  ကုမ္ပဏီများနှင့်  လုပ်ငန်းဆောင်ရွက်ခြင်းကို တားမြစ်ပိတ်ပင်ခံထားရသည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ အခြေခံစည်းမျဉ်းများကို လေးစားလိုက်နာကြောင်း အလေးအနက်ပြောကြားခဲ့ပြီး သာတူညီမျှအခြေအနေတစ်ခုတွင် ညှိနှိုင်းဆွေးနွေးမှု များမှတစ်ဆင့် ကုန်သွယ်ရေးကိစ္စရပ်များကို ဖြေရှင်းသင့်ကြောင်း မစ္စတာဝမ်ယိက  မစ္စတာပွန်ပီအိုသို့  ပြောကြားခဲ့သည်။  ခေါင်း ဆောင်နှစ်ဦးတို့သည် အီရန်အရေးနှင့် ပတ်သက်၍လည်း အမြင်ချင်းဖလှယ်ခဲ့ပြီး အမေရိကန်အနေဖြင့် တင်းမာမှုများမြင့်တက် လာစေမည့်  အပြုအမူများကို   ရှောင်ရှားရန်  တိုက်တွန်းလိုက်ကြောင်း  သိရသည်။

အင်န်အိတ်ချ်ကေ