တရုတ်နိုင်ငံ၏ မျောက်နှစ်ကောင်ပုံတူမျိုးပွားမှုမှတစ်ဆင့် လူသားများကိုပါ မျိုးပွားလာနိုင်မှုအပေါ် စိုးရိမ်မှုရှိနေ

နယူးယောက် ၇ ဖေဖော်ဝါရီ

 

၂၀၁၇ နှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံ ဘေဂျင်းအခြေစိုက် တရုတ်သိပ္ပံအကယ်ဒမီ ( CAS) ဟာ Dolly ခေါ် ဆဲလ်ပွားနည်းဖြင့် မျောက်နှစ်ကောင်ကို အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ပုံတူမျိုးပွားမှုဟာ လူသားတွေအတွက် ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေကို ကုသရန် ဆေးဝါးအသစ်တွေကို ထုတ်လုပ်နိုင်ဖို့ များစွာ အထောက်အကူပြုလိမ့်မယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက ပြောဆိုထားပေမယ့် မျောက်နှစ်ကောင်ရဲ့ ပုံတူမျိုးပွားမှုကနေတစ်ဆင့် လူသားတွေကိုပါ ပုံတူမျိုးပွားလာမှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

 

တရုတ် သိပ္ပံအကယ်ဒမီက အာရုံကြောဆိုင်ရာသုတေသနအဖွဲ့ ညွှန်ကြားရေးမှူး ဖူးမူမင်ကတော့ “ ကျွန်တော်တို့လူသားတွေကို ပုံတူမျိုးပွားဖို့ မဟုတ်ပါဘူး။ မျောက်ဟာ လူသားတွေရဲ့ မျိုးဗီဇနဲ့ အနီးစပ်ဆုံး တူတာကြောင့် လူသားတွေအတွက် ရောဂါကုသမှုနဲ့ ကျန်းမာရေးကို အမှန်တကယ် အထောက်အကူပြုနိုင်ဖို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရသိရပါတယ်။

 

ယခု ပုံတူမျိုးပွားမှုကြောင့် သုတေသနလုပ်ငန်းတွေမှာ နို့တိုက်သတ္တဝါတွေ အသုံးပြုမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံအများစုဟာ နို့တိုက်သတ္တဝါတွေကို အသုံးပြုပြီး သုတေသနပြုလုပ်မှုတွေ လုပ်ဆောင်နေပြီး အမေရိကန် ပြည်ထောင်စု စိုက်ပျိုးရေးဦးစီးဌာနရဲ့ လေ့လာဆန်းစစ်ချက်အရ အမေရိကန် ပြည်ထောင်စုဟာ သုတေသနနဲ့ စမ်းသပ်လေ့လာမှုတွေ ပြုလုပ်ဖို့ ၂၀၁၆ ခုနှစ်အတွင်းမှာ နို့တိုက်သတ္တဝါ ၇၁၀ဝဝ နဲ့ အထက် အသုံးပြုခဲ့ကြောင်း သိရပါတယ်။

 

အမေရိကန် ဆေးဝါးကုမ္ပဏီတွေဟာ ဆေးဝါးများရဲ့ မတူကွဲပြားတဲ့ အကျိုးသက်ရောက်မှုတွေနဲ့ လူသားတွေအတွက် ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ရန် စမ်းသပ်စစ်ဆေးဖို့  နှစ်စဉ် မျောက်ကောင်ရေ ၅၀ဝဝဝ နီးပါး တင်သွင်းမှုပြုနေရကြောင်းနဲ့ ဒါဟာ အလွန်များပြားတဲ့ ပမာဏဖြစ်ကြောင်း ဖူးမူမင်က ပြောကြားခဲ့ပါသေးတယ်။

 

MDN
ကိုးကား - ဆင်ဟွာ