စိုးသူရ

 

ယနေ့ကမ္ဘာတွင် ဉာဏ်ရည်တုနည်းပညာဆိုင်ရာလုပ်ငန်းများ ခေတ်စားလာသည်ကို တွေ့ရှိရသည်။ စားသောက်ကုန်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် ဉာဏ်ရည်တုနည်းပညာကို အသုံးပြုမှုများပြားလာသည်။

 

တရုတ်နိုင်ငံ၏ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို အောက်ပါအတိုင်း တွေ့ရှိရသည်။

 

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၂၄ ခုနှစ် ဩဂုတ် ၂၁ ရက်မှ ၂၅ ရက်အတွင်း ကျင်းပသည့် ကမ္ဘာ့စက်ရုပ်ညီလာခံတွင် ဉာဏ်ရည်တုနည်းပညာ သုံးစက်ရုပ်များကို သရုပ်ပြသခဲ့သည်။ ပြပွဲတွင် ပြသထားသည့်စက်ရုပ်များ၏ အရေပြားမှာ လူသား၏အရေပြားကဲ့သို့ တည်ဆောက်ထားပြီး လူသားများ၏ ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် စိတ်ခံစားမှုများကို ပုံစံတူဆောင်ရွက်နိုင်သည်။

 

၎င်းညီလာခံတွင် တရုတ်နိုင်ငံ ဇီကျန်းစက်ရုပ် ထုတ်လုပ်ရေးစင်တာမှ ထုတ်လုပ်သည့် NAVIAI အမည်ရှိ ဉာဏ်ရည်တုနည်းပညာသုံးစက်ရုပ်သည် ကော်ဖီဖျော်ခြင်း၊ မိန့်ခွန်းပြောခြင်းနှင့် စစ်တုရင်ကစားခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း သရုပ်ပြသခဲ့သည်။

 

ယင်းညီလာခံတွင်ပြသသည့် အခြားစက်ရုပ်အမျိုးအစားဖြစ်သည့် ဉာဏ်ရည်တုနည်းပညာသုံး UniX AI အမည်ရှိစက်ရုပ်သည် အဝတ်လျှော်ခြင်း၊ အဝတ်ခေါက်ခြင်းနှင့် နံနက်စာပြင်ဆင်ခြင်းတို့ကို လူသားများကဲ့သို့ ဆောင်ရွက်နိုင်သည်။

 

ပေကျင်းရှိ ဉာဏ်ရည်တုနည်းပညာလုပ်ငန်းတစ်ခုဖြစ်သည့် Galaxy Bot မှ ထုတ်လုပ်သည့် စက်ရုပ်မှာလည်း ဆေးဆိုင်၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းနှင့် ကားစက်ရုံများတွင် လုပ်သားများအဖြစ် တာဝန်ထမ်းဆောင်နိုင်ကြောင်း သိရသည်။

 

ဉာဏ်ရည်တုနည်းပညာသုံး စက်ရုပ်များသည် လာမည့်သုံးနှစ်မှ ငါးနှစ်အတွင်း လုပ်ငန်းနယ်ပယ် အသီးသီးသို့ တဖြည်းဖြည်း ဝင်ရောက်လာမည်ဖြစ်ပြီး လာမည့်ငါးနှစ်မှ ၁၀ နှစ်အတွင်း အိမ်ထောင်စုများတွင် လူသားတစ်ဦးကဲ့သို့ အိမ်မှုကိစ္စများကို ဆောင်ရွက်နိုင်မည်ဟု ပြပွဲတက်ရောက်သူ iFlytek လုပ်ငန်းမှ တာဝန်ရှိသူ Liu က ပြောကြားသည်။ သို့ရာတွင် စက်ရုပ်များ၏ လမ်းလျှောက်ခြင်းနှင့် အပြန်အလှန်တုံ့ပြန်မှု စွမ်းရည်မြှင့်တင်ခြင်းတို့တွင် လိုအပ်ချက်များ ပိုမိုများပြားလာမည်ဟုလည်း ၎င်းက ပြောကြားသည်။

 

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် မြို့တော်ချန်ဒူး၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပသည့် နည်းပညာဆိုင်ရာ ပြပွဲတွင် ဉာဏ်ရည်တုနည်းပညာ သုံးစက်ရုပ်များကို ပြသခဲ့သည်။ ၎င်းစက်ရုပ်များ သည် တရုတ်နိုင်ငံ ချန်ဒူးမြို့၌ ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ကျင်းပမည့် World Games 2025 အတွက် ဝန်ဆောင်မှုပေးမည်ဟု သိရသည်။ ၎င်းစက်ရုပ်များသည် ပြိုင်ပွဲတွင် မီးရှူးတိုင်ထွန်းညှိခြင်း၊ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ ပရိသတ်များအား ဧည့်ခံခြင်းနှင့် လက်လီရောင်းချသည့်ဆိုင်များတွင် ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်မည် ဖြစ်သည်။

 

တရုတ်နိုင်ငံရှိ ဉာဏ်ရည်တုနည်းပညာ ထုတ်ကုန် အသုံးပြုသူအရေအတွက်သည် ၂၀၂၄ ခုနှစ် ဇွန်လတွင် သန်း ၂၃၀ သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

 

တရုတ်နိုင်ငံ၏ ဉာဏ်ရည်တုနည်းပညာလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်နေပြီး ပင်မကဏ္ဍ၏ တန်ဖိုးသည် ယွမ် ဘီလီယံ ၆၀၀ နီးပါးဖြင့် ဖွံ့ဖြိုး တိုးတက်လျက်ရှိသည်။

 

တရုတ်နိုင်ငံသည် ထွန်းသစ်စနည်းပညာခေတ်အတွက် ကြိုတင်ပြင်ဆင်နိုင်ရန် မျိုးဆက်သစ်လူငယ် များအတွက် ဉာဏ်ရည်တုနည်းပညာ ပညာရပ်ကို မြှင့်တင်သွားမည်ဟု တရုတ်နိုင်ငံ ပညာရေးဝန်ကြီး ဌာန၏ ပြောကြားချက်အရ သိရသည်။

 

တရုတ်နိုင်ငံမှ ကျောင်းသားများကို၎င်းတို့၏ မူလတန်းကျောင်းပညာသင်နှစ်များတွင် ဉာဏ်ရည်တု နည်းပညာများနှင့် လက်တွေ့အတွေ့အကြုံများရရှိရန် မျှော်လင့်ထားကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံသည် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပညာရေးအတွက် စူးစမ်းလေ့လာရန် ရှေ့ပြေးအခြေခံအဖြစ် စာသင်ကျောင်းပေါင်း ၁၈၄ ကျောင်းကို ရွေးချယ်ခဲ့ ပြီး ထပ်မံ၍လည်း ဉာဏ်ရည်တုနည်းပညာဆိုင်ရာ လေ့လာရေးလုပ်ငန်းများ ဆောင်ရွက်မည်ဟု သိရသည်။

 

ဉာဏ်ရည်တုနည်းပညာသည် အနာဂတ်ပညာရေးကဏ္ဍအတွက် ရွှေရောင်အခွင့်အလမ်း တစ်ရပ်ဖြစ်လာသည်ဟု ပညာရေးဝန်ကြီး Huai Jinpeng က ပြောကြားသည်။ မကြာသေးမီကလည်း တရုတ်နိုင်ငံ၏ ရှန်ကျို့-၁၉ အာကာသယာဉ်တွင် ဉာဏ်ရည်တုနည်းပညာသုံးစက်ရုပ်ကို အာကာသအတွင်း တာဝန်ထမ်းဆောင်စေရေးအတွက် ထုတ်လုပ်နေကြောင်း သိရသည်။

 

တရုတ်နိုင်ငံ၏ ဉာဏ်ရည်တုနည်းပညာသည် နောင်လာမည့် အနာဂတ်ကာလတွင် ကမ္ဘာပေါ်၌ အောင်မြင်စွာ တည်ရှိနေမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

 

ကိုးကား-ဆင်ဟွာ