ပေကျင်း ဇူလိုင် ၁၀

တရုတ်နိုင်ငံ၏ ရှန်ကျို့ ၁၉ အာကာသယာဉ်မှ အာကာသယာဉ်မှူးသုံးဦးသည် ပေကျင်းတွင် ဇူလိုင် ၉ရက်က မီဒီယာများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယခုတွေ့ဆုံမှုသည် ယခုနှစ် ဧပြီလအတွင်းက ရှန်ကျို့ ၁၉ အာကာသယာဉ် ကမ္ဘာမြေပြင်သို့   ပြန်လည်ရောက်ရှိပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သည်။

လက်ရှိအချိန်တွင်   ကျန်းမာရေ စစ်ဆေးချက်များအရ အာကာသယာဉ်မှူး များဖြစ်သည့် ကိုင်ဇူဇေး၊ ဆောင်လင်တုန်းနှင့် ဝမ်ဟိုဇေးတို့၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေကြောင်း သိရသည်။ ရှန်ကျို့ ၁၉ အာကာသယာဉ်အား ယမန်နှစ် အောက်တိုဘာ ၃၀ ရက်က လွှတ်တင်ခဲ့ပြီး တရုတ် အာကာသစခန်း၏ အစိတ်အပိုင်းဖြစ်သည့် တိုင်ဟီနှင့် အောင်မြင်စွာချိတ်ဆက်၍ လုပ်ငန်း ဆောင်ရွက်နိုင်ခဲ့သည်။ ၎င်းအာကာသ ယာဉ်မှူး သုံးဦးသည် အာကာသထဲတွင် လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ခဲ့ပြီးနောက် ယခုနှစ် ဧပြီ ၃၀တွင် ကမ္ဘာ မြေပြင်သို့    ၎င်းအာကာသယာဉ် အောင်မြင်စွာ ဆင်းသက်ခဲ့သည်။  အာကာသပတ်လမ်းထဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရက်ပေါင်း ၁၈၃ ရက်အတွင်း မိမိတို့သည် အာကာသယာဉ်မှ ထွက်ခွာ၍ အာကာသထဲတွင် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို သုံးကြိမ်တိုင် အောင်မြင်စွာဆောင်ရွက်ခဲ့ကာ   သိပ္ပံဆိုင်ရာ  လက်တွေ့စမ်းသပ်မှုများကို ဆောင်ရွက်ခဲ့ကြောင်း ရှန်ကျို့ ၁၉ အာကာသယာဉ်မှ တာဝန်ခံ ကိုင်ဇူဇေးက ပြောကြားသည်။ ကိုင်ဇူဇေးသည် ယခင်ကလည်း ရှန်ကျို့ ၁၄ အာကာသယာဉ်တွင် အာကာသယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ပထမအကြိမ် အာကာသထဲသို့ ရောက်ရှိ သည့်အချိန်နှင့် ယခုအကြိမ် ထပ်မံရောက်ရှိသည့် အတွေ့အကြုံမတူပဲ မြင့်မားသည့် အဆင့်တစ်ခု သို့ရောက်ရှိသည့် အတွေ့အကြုံကိုတွေ့ ကြုံရကြောင်း၎င်းက ပြောကြားသည်။ ရှန်ကျို့ ၁၉ အာကာသယာဉ်မှူးများသည် အာကာသယာဉ်ပြင်ပရှိ  အာကာသထဲတွင်    ကိုးနာရီကြာ စံချိန်တင် နေထိုင်၍ လုပ်ငန်းများဆောင်ရွက်နိုင်ခဲ့ပြီး ယခုကဲ့သို့ လုပ်ငန်းများအောင်မြင်စွာဆောင်ရွက် နိုင်ခဲ့ခြင်းမှာ အာကာသယာဉ်မှူးများနှင့် မြေပြင်အာကာသစခန်းရှိ တာဝန်ရှိသူများအကြား    ကြိုးပမ်းဆောင်ရွက်မှု၏ ရလဒ်ဖြစ်ကြောင်း အာကာသယာဉ်မှူး ကိုင်ဇူဇေးက ပြောကြားသည်။ ယခုကဲ့သို့ အာကာသထဲတွင်    လုပ်ငန်းများ  အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းမှာ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် အာကာသဝတ်စုံများ၏ အရည်အသွေးကောင်းမှုနှင့် တရုတ်နိုင်ငံ၏ အာကာသ နည်းပညာအဆင့်မြင့်မှုကို ပြသနေကြောင်း ၎င်းက ပြောကြားသည်။ ရှန်ကျို့ ၁၉ အာကာသယာဉ်မှ အာကာသယာဉ်မှူးများသည် အာကာသထဲတွင် ကန်စွန်းဥများကို အောင်မြင်စွာစိုက်ပျိုးခဲ့ပြီး ကန်စွန်းဥများ အညှောင့်ပေါက်ချိန်မှ ရိတ်သိမ်းချိန်အထိ လုပ်ငန်းများကို မှတ်တမ်းတင်ခဲ့ကြောင်း အာကာသယာဉ်မှူးတစ်ဦးဖြစ်သည့် ဆောင်လင်တုန်းက ပြောကြားသည်။

ယခုကဲ့သို့သော   အာကာသဆိုင်ရာလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက် နိုင်ခဲ့သည့်အတွက်   ဂုဏ်ယူကြောင်းနှင့် တရုတ်နိုင်ငံ၏အာကာသသိပ္ပံကဏ္ဍတွင် အောင်မြင်မှုများ   ထပ်မံရရှိမည်ဟု ယုံကြည်ကြောင်း   အာကာသဆိုင်ရာ အင်ဂျင်နီယာဖြစ်သည့်   အာကာသယာဉ်မှူး ဝမ်ဟိုဇေးက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန် -စိုးသူရ