ဩဂုတ် ၁၀
တရုတ်အစိုးရအဖွဲ့က သုံးနှစ်ခွဲတာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်ခရီးသွားအေးဂျင့်၏ ဂျပန်နိုင်ငံသို့ တရုတ်ခရီးသွားများ အဖွဲ့လိုက်ခရီးစဉ်များအတွက် ရောင်းချခြင်းကို ခွင့်ပြုခဲ့သည်။
တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပထမဆုံးဖြစ်ပွားချိန် ၂၀၂၀ ခုနှစ် ဇန်နဝါရီလက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ထိုတားမြစ်ချက်ကို ရုပ်သိမ်းကြောင်း တရုတ်အစိုးရအဖွဲ့က ယနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
တရုတ်အစိုးရအဖွဲ့က အခြားသောနိုင်ငံများသို့ တရုတ်ခရီးသွားအဖွဲ့လိုက်ခရီးစဉ်များ တားမြစ်ချက်ရုပ်သိမ်းမှုကို ဖေဖော်ဝါရီလနောက်ပိုင်းတွင် လုပ်ဆောင်ခဲ့သည်။ ထိုင်း၊ အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၆၀ သို့ အဖွဲ့လိုက်ခရီးစဉ်များ သွားရောက်ခြင်းကိုခွင့်ပြုခဲ့သည်။
အဆိုပါကန့်သတ်ချက်ကို ဩဂုတ်လ ၁၀ ရက်အစောပိုင်းတွင် ရုပ်သိမ်းမည်ဖြစ်ကြောင်းကို ဂျပန်နိုင်ငံရှိ တရုတ်သံရုံးက ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့သည်ဟု သိရသည်။
ဂျပန်ခရီးသွားလုပ်ငန်းအဖွဲ့အစည်းက ၂၀၁၉ ခုနှစ်က ဂျပန်နိုင်ငံသို့လာရောက်သော တရုတ်ခရီးသွား ၉ ဒသမ ၅၉ သန်းခန့်ရှိသည်ဟု ဆိုသည်။ ဂျပန်နိုင်ငံသို့လာရောက်သော ခရီးသွားဦးရေအားလုံး၏ ၃၀ ရာခိုင်နှုန်းသည် တရုတ်ခရီးသွားများဖြစ်သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို