ကျောက်ပန်းတောင်း ၇ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အခြေခံပညာဦးစီးဌာနကျောင်း(၃)ကျောင်းမှ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြသည့် ဆရာကြီး/ဆရာမကြီး(၃)ဦးတို့က ခရီးစဉ်အတွေ့အကြုံများ ရှင်းလင်းခြင်း အခမ်းအနားကို၊ ယနေ့ နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စကားဝါခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရီးစဉ်တွင်လိုက်ပါခဲ့သူ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးရဲမြင့် (ကျောင်းအုပ်ကြီး၊မြို့ရှေ့အ.ထ.က) က ခရီးစဉ်အတွေ့အကြုံများ ရှင်းလင်းဖလှယ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ အမှတ်(၁)အ.ထ.ကကျောင်း အုပ်ဆရာမကြီး ဒေါ်ခင်သန်းဝင်း၊ အမှတ်(၂)အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေး နှင့်မြို့ရှေ့ အ.ထ.က ကျောင်းအုပ် ဆရာကြီးဦးရဲမြင့်တို့က တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း သွားရောက်လေ့လာခဲ့သည့်မြို့များနှင့် ၎င်းမြို့များမှ စာသင်ကျောင်းများတွင် သင်ကြား/သင်ယူမှုစနစ်များ၊ ကျောင်းသားကျောင်းသူများ၏ စည်းကမ်းလိုက်နာမှုနှင့် ကျောင်းသားမိဘများ၏ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ တာဝန်ရှိသူများ၏ ကျောင်းဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်ပတ်သက်၍ လေ့လာသိရှိခဲ့သည်များကို ပြန်လည်မျှဝေရှင်းလင်းတင်ပြကြသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွား ရောက်ခြင်းကို မြန်မာ တရုတ် ပူပေါင်းဆက်ဆံရေးဗဟိုအသင်း၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှတစ်ဆင့် ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရပြီး၊ ကျောက်ပန်းတောင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်း(၃)ကျောင်းမှ ကျောင်းအုပ်(၃)ဦး သွားရောက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါလေ့လာရေးအဖွဲ့သည် တရုတ်နိုင်ငံရှိ ဘေကျင်းမြို့၊ ကူမင်းမြို့၊ ရှန်ဟိုင်းမြို့နှင့် စူကျိုးမြို့များသို့ သွားရောက်ခဲ့ကြပြီး၊ အဆိုပါမြို့များမှ ပညာရေးဌာန စာသင်ကျောင်းများ၊ တိုင်းရင်းသား ကျေးရွာ၊ ရှေးဟောင်းမြို့တော်၊ Grade Wall နှင့် တီအမ်အန်ရင်ပြင်၊ မြို့တော်ပြတိုက်နှင့် ကမ္ဘာ့ဒုတိယအမြင့်ဆုံး မျှော်စင်ဖြစ်သည့် Visit Shanghai Tower၊ ဗုဒ္ဓ ဘုရားကျောင်းနှင့် ဥယျာဉ်များကို လေ့လာခွင့်ရရှိခဲ့ကြကြောင်း သိရပြီး၊ (၁၅.၉.၂၀၁၉)ရက် နေ့မှ(၁၅.၉.၂၀၁၉)ရက်နေ့အထိ (၁၀)ရက် ကြာမြင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ အတွေ့အကြုံရှင်းလင်းပွဲသို့ ကျောက်ပန်းတောင်းမြို့နယ် တာဝန်ခံပညာရေးမှူး ဦးရဲမြင့်၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးထွန်းအောင်ကျော်နှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများ စုစုပေါင်း(၂၈၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


