ကာရာကတ်စ် ၂၉ မေ
ဗင်နီဇွဲလားနိုင်ငံသည် ယမန်နေ့က တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဆေးဝါးများ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများပါဝင်သည့် ၆၈ တန်ရှိ စတုတ္ထအသုတ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လက်ခံရရှိခဲ့သည်။
ဗင်နီဇွဲလား ကျန်းမာရေးဝန်ကြီး ကားလို့စ်အယ်ဗာရိုနှင့် ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီပေါင်ရောင်တို့သည် ကာရာကတ်စ်မြို့တော်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ကျင်းပသော ကယ်ဆယ်ရေး ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ပူးတွဲ ဆောင်ရွက်ပေးခဲ့သည်။ စတုတ္ထအသုတ် ကယ်ဆယ်ရေး ပစ္စည်းများတွင် ဆေးဝါးများပါဝင်ကြောင်း၊ ဆေးဝါးများကို အမျိုးသား ပြည်သူ့ ကျန်းမာရေးကွန်ရက်မှ တစ်ဆင့် ချက်ချင်းဆိုသလို ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း အယ်ဗာရိုက ပြောသည်။
အကူအညီများမှာ ဗင်နီဇွဲလားနိုင်ငံနှင့်ပတ်သက်၍ တရုတ်နိုင်ငံကထားရှိသည့် အလွန်လေးနက် သော ချစ်ကြည်ရင်းနှီးမှုကို ထင်ဟပ်စေခဲ့ကြောင်း တရုတ်သံအမတ်ကြီး လီပေါင်ရောင်က ပြောသည်။ “ပြည်ပနိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေကြောင့် ဆိုးရွားတဲ့ ထိခိုက်နစ်နာမှု ကြုံတွေ့နေရတဲ့ ဗင်နီဇွဲလားပြည်သူတွေကို မိမိတို့ ကူညီမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်