၂၅ ဧပြီ
တရုတ်နိုင်ငံမှ မှာယူလိုက်တဲ့ KN95 မျက်နှာဖုံးတွေဟာ အရည်အသွေး မပြည့်မီတဲ့အတွက် ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေးတွင် ရှေ့တန်းကနေပါဝင်နေတဲ့ ကျန်းမာရေးလုပ်သားတွေကို မပေးနိုင်ခဲ့ကြောင်း ကနေဒါ အစိုးရက မနေ့ (သောကြာနေ့) က ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံက မော်ဒယ် KN95 လို့ ခေါ်တဲ့ မျက်နှာဖုံးတွေဟာ N95 မျက်နှာဖုံးနဲ့ ဆင်တူပြီး ဉရောပနိုင်ငံတွေမှာသုံးတဲ့ FFP2 အမျိုးအစား မျက်နှာဖုံးနဲ့ ပစ္စည်းအရည်အသွေးတူကြောင်း သိရပါတယ်။
ကမ္ဘာမှာ ဖြန့်ချိနေတဲ့ ကုန်ပစ္စည်းအများစုက တရုတ်နိုင်ငံမှာ ထုတ်လုပ်တာဖြစ်ပြီး အဲဒီကုန်ပစ္စည်းတွေ တင်ပို့ရေးနဲ့ ပတ်သတ်ပြီး ရှုပ်ထွေးကြောင်း ဝန်ဆောင်မှုများနဲ့ ကုန်ဝယ်ယူရေးဆိုင်ရာ ဝန်ကြီး အနီတာ က ပြောပါတယ်။

ဟွာဝေးကုမ္ပဏီအကြီးအကဲကို ကနေဒါနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ကနေဒါနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ အဖုအထစ်တွေရှိလာတာကို တွေ့ရပါတယ်။
သန်းချီတဲ့ KN95 မျက်နှာဖုံးနဲ့ အသက်ရှူ အထောက်ကူပြု ကိရိယာတွေကို အသေးစိတ် လေ့လာနေကြောင်း ဝန်ကြီးက ပြောပါတယ်။ လက်တလောမှာ မျက်နှာဖုံးနဲ့ ကျန်းမာရေးဆိုင်ရာ အထောက်ကူပြုပစ္စည်းတွေအတွက် နိုင်ငံတွင်းက ကုမ္ပဏီတွေကို ပစ္စည်းမှာယူနေရပါတယ်။
ကနေဒါနိုင်ငံတွင်းရှိ ကုမ္ပဏီ သုံးခုက ဒီသီတင်းပတ်အတွင်းမှာ မျက်နှာဖုံးကာ (medical face shield) ၁၆ သန်း ထုတ်လုပ်ပေးမယ့် သဘောတူညီမှု ရရှိထားပါတယ်။
ဂျင်နရယ်မော်တာစ် ( General Motors ) ကုမ္ပဏီကလည်း ကနေဒါအစိုးရကို တစ်လလျှင် မျက်နှာဖုံး တစ်သန်း ထုတ်လုပ်ပေးမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
MDN
ကိုးကား -AFP