ဗန်းမော် ၂၆ ဧပြီ
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား ဧပြီ ၁၆ ရက်မှ စတင်၍ လွယ်ဂျယ်မြို့ နယ်စပ်စစ်ဆေးရေးဂိတ်အမှတ်(၂)၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့မိမြို့ဖများက စိစစ်လက်ခံလျက်ရှိရာ ယနေ့အထိ လူဦးရေ ၃၂ဝ၅ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ဧပြီ ၂၆ ရက်တွင် မြစ်ကြီးနားမြို့နယ်မှ နေရပ်ပြန်(၈)ဦး၊ ဝိုင်းမော်မြို့နယ်မှ (၂)ဦး၊ မိုးကောင်းမြို့နယ်မှ (၂၄)ဦး၊ ဖားကန့်မြို့နယ်မှ (၈)ဦး၊ တနိုင်းမြို့နယ်မှ (၁)ဦးနှင့် ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်မြို့နယ်မှ (၈)ဦး၊ မိုးမောက်မြို့နယ်မှ (၈၅)ဦး၊ ရွှေကူမြို့နယ်မှ (၃၃)ဦး၊ မန်စီမြို့နယ်မှ (၁၈)ဦးတို့အား မော်တော်ယာဉ်ငယ် (၂၄)စီးဖြင့် ဗန်းမော်ခရိုင်အတွင်း မြို့နယ်များရှိ နေရပ်ပြန်များကို မိုးမောက်မြို့နယ် ကျောက်စခန်းစုရပ်သို့ လည်းကောင်း၊ မြစ်ကြီးနားခရိုင်နှင့် မိုးညှင်းခရိုင်သို့ နေရပ်ပြန်များအား မြစ်ကြီးနား စီတာပူကုန်ချစခန်းစုရပ်သို့ လည်းကောင်း ပို့ဆောင်ပေးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး (၁၄)ဦး၊ မကွေးတိုင်းဒေသကြီး (၁၆)ဦး၊ မန္တလေးတိုင်းဒေသကြီး (၄)ဦးနှင့် ရှမ်းပြည်နယ် (၁)ဦး နေရပ်ပြန်သူ စုစုပေါင်း(၃၅)ဦးတို့အား လွယ်ဂျယ်မြို့ Quarantine စောင့်ကြည့်ရေးစင်တာတွင် ထားရှိပြီး လိုအပ်သည့် အစီအမံများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယနေ့အထိ စောင့်ကြည့်ရေးစင်တာတွင် အမျိုးသား ၂၆၆ ဦး၊ အမျိုးသမီး ၈၂ ဦး စုစုပေါင်း ၃၄၈ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံမှ ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုများအရ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ သံသယရောဂါလက္ခဏာပြသူ တစ်ဦးတစ်ယောက်မှ မတွေ့ရှိကြောင်း သိရသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ နေရပ်ပြန် ၁၈၂ ဦးတို့အား လွယ်ဂျယ်မြို့မှ မိုးမောက်မြို့နယ် ကျောက်စခန်းစုရပ်သို့ မော်တော်ယာဉ်ငယ် ၁၆ စီးဖြင့် ပို့ဆောင်ပေးခဲ့ကြရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အစီအမံဖြင့် ဗန်းမော်ခရိုင်အထိ လာရောက်ခေါ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)


