၃ ဧပြီ
တရုတ်နိုင်ငံမှ နယ်စပ်ဂိတ်များရှိ ခရီးသည် ဝင်ထွက်ခွင့်ကို ယာယီပိတ်လိုက်ပြီး မူဆယ်ခရိုင်နှင့် ဆက်စပ်သည့် ဂိတ်ခြောက်ခုအနက် ဂိတ်နှစ်ခုသာ ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပြုကြောင်း မူဆယ်ဆန်စပါး ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ဧပြီ ၃ ရက်တွင်ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် COVID-19 အဆုတ်ရောင်ရောဂါကို မပျံ့နှံ့စေရေး ကာကွယ်ထိန်းသိမ်းရန်အတွက် နယ်စပ်ဒေသစီမံခန့်ခွဲရေးကို တင်းကျပ်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ နယ်စပ်ဒေသ၌ မလိုလားအပ်သော အဝင်အထွက်ကို တင်းကျပ်စွာ ထိန်းချုပ်ပြီး နယ်စပ်ဂိတ်နှင့် နယ်စပ်ဒေသခံအတွက် ခရီးသည်ဝင်ထွက်လမ်းကြောင်းကို ဧပြီ ၁ ရက်မှစ၍ ယာယီပိတ်လိုက်ကြောင်း ၎င်းက ဆက်ပြောသည်။
"ဧပြီ ၁ ရက်နေ့ကတည်းက လူဝင်လူထွက် စပိတ်လိုက်တယ်၊ ဒါပေမယ့် ကုန်ကားတွေကိုကျ တော့ မန့်ဝိန်းဂိတ်နဲ့ ကျိန်စန်းကျော့ဂိတ်ကနေပြီးတော့ ဝင်ထွက်ခွင့်ပြုထားတယ်၊ ကားတစ်စီးကို ဒါရိုက်ဘာ တစ်ယောက်ပဲ သွားလို့ရတယ်၊ စပယ်ယာတောင် လိုက်လို့မရဘူး၊ ကုန်သွယ်မှုတော့ လုပ်လို့ရပါတယ်၊ ဆန်တို့ ဆန်ကွဲတို့ ပဲမျိုးစုံကတော့ သွားတယ်၊ အဝင်အထွက် ရှိပါတယ်"ဟု ဦးမင်းသိန်း က ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် ဧပြီလ ၁ ရက်မှစ၍ မူဆယ်ခရိုင်နှင့် ထိဆက်လျက်ရှိသော ဂိတ်ပေါက်များ ဖြစ်သည့် မန့်ဝိန်းဂိတ်၊ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ် ၊ကျိန်စန်းကျော့ဂိတ်၊ ပန်ဆိုင်း (ကြူကုတ်)ဂိတ်နှင့် မန့်ဟီးရိုးဂိတ်မှတဆင့် တရုတ်နိုင်ငံဘက်သို့ လူဝင်လူထွက် ခွင့်မပြုတော့ဘဲ ကုန်တင်ယာဉ်များကို လည်း မန့်ဝိန်းဂိတ်နှင့် ကျိန်စန်းကျော့ဂိတ်မှသာ အဝင်/အထွက် ဆက်လက် ခွင့်ပြုထားကြောင်း သိရသည်။
ထို့ကြောင့် ဧပြီလ ၁ရက်မှစ၍ ကုန်သွယ်မှု အခြေနေမှာ ယခင် ၁၀၀ ရာခိုင်နှုန်းရှိနေရာမှ ၇၅ ရာခိုင်နှုန်း ခန့်သာ ရှိသည့်အတွက် ၂၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်ထံမှ သိရသည်။
လက်ရှိ ကုန်တင်ယာဉ်များကိုလည်း မန့်ဝိန်းဂိတ်နှင့် ကျိန်စန်းကျော့ဂိတ်မှသာ အဝင်/အထွက် ခွင့်ပြုထားပြီး တစ်နေ့လျှင် ဖရဲ၊ သခွားမွှေး အစီးရေ ၄၀၀ ခန့်နှင့် ဆန်၊ ဆန်ကွဲနှင့် ပဲမျိုးစုံမှ အစီးရေ ၂၀၀ ကျော် တင်ပို့နေကြောင်း ဦးမင်းသိန်းက ဆက်ပြောသည်။
ထို့ပြင် နယ်စပ်ဂိတ် လူဝင်လူထွက်များကို တင်းကျပ်စွာ ထိန်းချုပ်ထားသောကြောင့် တရုတ်ဝယ်လက် များ ဖုန်းဖြင့်သာ အရောင်းအဝယ်လုပ်နေရကြောင်း၎င်းက ဆက်ပြောသည်။
လက်ရှိ COVID 19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့သော တရုတ်နိုင်ငံအနေဖြင့် ကပ်ရောဂါကို ထိန်းချုပ်နိုင်ပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် စတင်ဖြစ်ပွားနေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် နှစ်ဆန်းပိုင်း တွင် သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်တင်ပို့မှု ဆုံးရှုံးနစ်နာမှုများစွာ ကြုံတွေ့ခဲ့ရပြီး ယခုအခါတွင်လည်း မြန်မာဖက်ရောင်းသူစျေးကွက်မှ တရုတ်နိုင်ငံသားများ မဝင်ရောက်လာနိုင်သောကြောင့် အဝယ်ရှိရာ တရုတ်ဘက်သို့ အရောက်ပို့ရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ကြောင်း ခွာညိုသစ်သီးပွဲရုံ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ထို့ပြင် ကျန်းမာရေးသည် ပထမဦးစားပေးဖြစ်ပြီး စီးပွားကုန်သွယ်မှုမှာ ဒုတိယအရေးကြီးသဖြင့် ကုန်သွယ်မှု လမ်းကြောင်း မပိတ်နိုင်ကြောင်း၊ အလုံးစုံဖွင့်ထားခြင်းမဟုတ်သော်လည်း ကုန်သည် သွားလာမှုထက် ကုန်တင်ယာဉ်များဝင်/ထွက်ဖြတ် သန်းခွင့် ဆက်လက်ရှိနေကြောင်း ဖော်ပြထားသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် နယ်စပ်ကုန်သွယ်ရေးစခန်း လေးခု ဖွင့်လှစ်ထားပြီး ယင်းမှာ ရှမ်းပြည်နယ်တွင် မူဆယ်နှင့် ချင်းရွှေဟော်၊ ကချင်ပြည်နယ်တွင် ကန်ပိုက်တီးနှင့် လွယ်ဂျယ်တို့ဖြစ်ပြီး မူဆယ်ကုန်သွယ်မှု လမ်းကြောင်းသည် ကုန်သွယ်မှု အများဆုံးဖြစ်ကြောင်း သိရသည်။
ငြိမ်းငြိမ်း


