မိုင်းယောင်း ၁၆ မေ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မိုင်းယု-ကျင်းယဲန်းတံတားမှ နေရပ်ပြန် မြန်မာနိုင်ငံသားများ ဝင်ရောက်လျက်ရှိရာ မေ ၁၆ ရက်တွင် နေရပ်ပြန်သူ ၂၁၂ ဦးရှိကြောင်း သိရသည်။

 

တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အလုပ်သမား အမျိုးသား ၁၃၇ ဦး၊ အမျိုးသမီး ၇၅ ဦး စုစုပေါင်း ၂၁၂ ဦးအား မိုင်းလား အထူးဒေသ(၄) နမ့်ပန်းဒေသရဲမှူး ချစ်ဆွေ ဦးဆောင်သောအဖွဲ့က မေ ၁၆ ရက် နံနက် ၇ နာရီ မိနစ် ၂၀ တွင် လာရောက်ပို့ဆောင်ခဲ့သည်။

 

နေရပ်ပြန်သူများအား တာချီလိတ်ခရိုင် ဒုတိယရဲမှူးကြီး ရဲနိုင်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့က ကျန်းမာရေးစစ်ဆေးခြင်း၊ လူဦးရေစစ်ဆေးခြင်းများ စိစစ်ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးများ၊ ပြည်နယ်များသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးပြီးနောက် ဆောင်ရန်၊ ရှောင်ရန်များ မှာကြားကာ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မျိုးမြင့်ဦး ဦးစီးသော တပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ခြင်းများ ပြုလုပ်ပြီး မွန်းလွဲ ၁ နာရီတွင် မိုင်းယုမှ ကျိုင်းတုံသို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။

 

မိုင်းယောင်းမြို့အရောက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသုနောင်မိုးလှိုင်နှင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မျိုးဆက်သစ်ရောင်နီ ပရဟိတ လူမှုကူညီရေးအသင်းနှင့် ဒေသခံပြည်သူများက နေရပ်ပြန် မြန်မာနိုင်ငံသားများအား ထမင်းထုပ်၊ သောက်ရေသန့်၊ အချိုရည်၊ ခေါက်ဆွဲခြောက်၊ ချိုချဉ်နှင့် မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)