မိုင်းယောင်း ၄ မေ 


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မိုင်းယု-ကျင်းယဲန်း တံတားမှ  နေရပ်ပြန် မြန်မာနိုင်ငံသားများ ဝင်ရောက်လျက်ရှိရာ မေ ၄ ရက်တွင် နေရပ်ပြန်သူ စုစုပေါင်း ၅၅၃ ဦးရှိကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အလုပ်သမား ၅၅၃ ဦးအား NDAA (မိုင်းလား) အထူးဒေသ(၄) နမ့်ပန်းတွင် အသွားအလာကန့်သတ်ခြင်း ၂၁ ရက် စောင့်ကြည့်မှုခံယူခဲ့ပြီး အထူးဒေသ(၄) မိုင်းလား ဒုတိယဆက်ဆံရေးဌာနကြီးမှူး ဦးခင်မောင်၊ နမ့်ပန်းဒေသအုပ်ချုပ်ရေးမှူး ဦးအိုက်ဆမ်မွန်း၊ နမ့်ပန်းဒေသတာဝန်ခံ ဆက်ဆံရေးမှူး ဦးအိုက်န၊ ဒုတိယတာဝန်ခံဆက်ဆံရေးမှူး ဦးလော်ချေး၊ နမ့်ပန်းဒေသရဲမှူး ချစ်ဆွေတို့ပါဝင်သောအဖွဲ့မှ မေ ၄ ရက် နံနက် ၉ နာရီ ၁၀ မိနစ်တွင် အထူးဒေသ(၄) နမ့်ပန်းဒေသနှင့် မိုင်းယုမြို့ဧရိယာအစပ်သို့ မော်တော်ယာဉ် အစီး၂၀ ဖြင့် လာရောက်ပို့ဆောင်ခဲ့သည်။


နေရပ်ပြန်သူများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်ရဲမှူးကြီးရဲနောင်၊ ခရိုင်လဝကမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့က ကျန်းမာရေးစစ်ဆေးခြင်း၊ လူဦးရေစစ်ဆေးခြင်းများ စိစစ်ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးပြီးနောက် ဆောင်ရန်၊ ရှောင်ရန်များ မှာကြားကာ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မျိုးမြင့်ဦး ဦးစီးသော တပ်ဖွဲ့ဝင်များမှ လုံခြုံရေးဆောင်ရွက်ခြင်းများ ပြုလုပ်ပြီး မွန်းလွဲ ၂ နာရီတွင် မိုင်းယုမှ ကျိုင်းတုံသို့ မော်တော်ယာဉ် ၂၃ စီးဖြင့် ပို့ဆောင်ပေးခဲ့သည်။


မိုင်းယောင်းမြို့အရောက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသုနောင်မိုးလှိုင်နှင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မျိုးဆက်သစ်ရောင်နီ ပရဟိတလူမှုကူညီရေးအသင်းနှင့် ဒေသခံပြည်သူများက နေရပ်ပြန် မြန်မာနိုင်ငံသားများအား အစားအစာနှင့် သောက်ရေများ ပေးဝေခဲ့ကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)