ဗန်းမော် ၁၇ ဧပြီ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ လုံချွမ်ခရိုင်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄၀၇ ဦးအား ယနေ့နံနက်ပိုင်းက လွယ်ဂျယ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးယဉ်မင်းထွန်း(မြို့အုပ်ချုပ်ရေးမှူး)နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများတို့က ဒုတိယနေ့အနေဖြင့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီး စိစစ်လက်ခံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူများအား မြစ်ကြီးနားမြို့နယ်မှ နေရပ်ပြန်(၅)ဦး၊ ဝိုင်းမော်မြို့နယ်မှ နေရပ်ပြန်(၉)ဦး၊ ဖားကန့်မြို့နယ်မှ (၅)ဦး၊ မိုးကောင်းမြို့နယ်မှ (၂၈)ဦး၊ မိုးညှင်းမြို့နယ်မှ (၁၈)ဦး၊ တနိုင်းမြို့နယ်မှ (၆)ဦးနှင့် ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်မြို့နယ်မှ နေရပ်ပြန် (၈၅)ဦး၊ မိုးမောက်မြို့နယ်မှ (၁၆၇)ဦး၊ ရွှေကူမြို့နယ်မှ (၁၆)ဦးတို့အား မော်တော်ယာဉ်ငယ် (၃၄)စီးဖြင့် ဗန်းမော်ခရိုင်အတွင်း မြို့နယ်များရှိ နေရပ်ပြန်များအား မိုးမောက်မြို့နယ် ကျောက်စခန်းစုရပ်သို့ လည်းကောင်း၊ မြစ်ကြီးနားခရိုင်နှင့် မိုးညှင်းခရိုင်သို့ နေရပ်ပြန်များအား မြစ်ကြီးနား စီတာပူကုန်ချစခန်းစုရပ်သို့ လည်းကောင်း ပို့ဆောင်ပေးလျက်ရှိသည်။ အလားတူ ကချင်ပြည်နယ်ကျော်လွန်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်များသို့ နေရပ်ပြည်မည့် (၆၈)ဦးတို့အား လွယ်ဂျယ်မြို့ အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း ဖွင့်လှစ်ထားသည့် ယာယီအသွားအလာ စောင့်ကြည့်ရေးစင်တာတွင် Quarantine (၂၁)ရက်ထားရှိပြီး လိုအပ်သည့် အစီအမံများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်သူ ဦးရေအနေဖြင့် ဧပြီ ၁၆ ရက်နှင့် ဧပြီ ၁၇ ရက်တို့ကို စုစုပေါင်း ၇ဝ၇ ဦးရှိပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများအား နေရပ်ပြန်မည့်သူများ ထပ်မံရှိပါက ဆက်လက်စိစစ် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)