မကွေး ၂၇ ဧပြီ
ကချင်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့မှ လတ်တလောပေးပို့လားသော စာရင်းများအရ မကွေးတိုင်းဒေသကြီး အတွင်းသို့ ပြန်ဝင်လာမည့်သူ(၁၀၄)ဦးရှိပြီး ၎င်းတို့အား(၂၁)ရက် စောင့်ရှောက်ရန် Facality Quarantine များ အသင့်ပြင်ဆင်ထားကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ မှ သိရသည်။
“ ကချင်ပြည်နယ် ၊ လွယ်ဂျယ်ကနေ အကြောင်းကြားလို့ မကွေးတိုင်းက ကားလွှတ်ပြီး သွားခေါ်နေပါပြီ။ အရေ အတွက် (၁၀၄)ဦး ရှိပါတယ်။ မကွေးမှာတော့ စုမထားဘူး။ မြို့နယ်တွေက Quarantine စင်တာတွေ အရောက်ပို့ပါမယ်။ ရွာတွေကိုတော့ ပို့ဖို့ အဆင်မပြေသေးဘူး။ ရွာတွေကလည်း နီးတာ ဝေးတာ ရှိတယ်။ တစ်ချို့က လက်ခံဖို့ငြင်းဆိုတာတွေ ရှိတယ်။ ခြေနိုင်လက်နိုင်နဲ့ ကျန်းမာရေး စောင့်ရှောက်နိုင်တဲ့ မြို့ပေါ်တွေမှာပဲ Quarantine လုပ်ဖို့ စီစဉ်ထားတယ် ” ဟု လူမှုရေးဝန်ကြီး ဒေါက်ခင်မောင်အေးက ပြောသည်။
တရုတ်နိုင်ငံမှ ပြန်ဝင်လာမည့်သူများမှာ ဧပြီလလ ၂၃ရက်နေ့မှ ၂၆ရက်နေ့ထိ စာရင်းများအရ (၁၀၄)ဦး ရှိပြီး အောင်လံမြို့ (၂၅)ဦး ၊ မြိုင်မြို့(၂၄)ဦး ၊ ပေါက်မြို့(၁၄)ဦး ၊ နတ်မောက်မြို့(၁၂)ဦး ၊ စလင်းမြို့(၇)ဦး ၊ မင်းဘူးမြို့ (၅)ဦး ၊ မင်းလှမြို့(၅)ဦး ၊ မကွေးမြို့(၃)ဦး၊ ပခုက္ကူမြို့(၃)ဦး ၊ ထီးလင်းမြို့(၃)ဦး ၊ ငဖဲမြို့(၂)ဦး ၊ ရေစကြိုမြို့(၁)ဦး တို့ဖြစ်ကြောင်း သွားရောက်ခေါ်ယူရေး တာဝန်ယူထားသည့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးတင်နွယ်ဦး ထံ မှ သိရသည်။
ကျန်းမာရေးစောင့်ရှောက်ပေးကြမည့် ကျန်းမာရေး ဝန်ထမ်းများအတွက် ဗန္ဓုလဆောင် ၊ တရုတ်နိုင်ငံမှ ပြန်ဝင်လာသူများအားအတွက် ဘုရင့်နောင်ဆောင်တို့တွင် ထားရှိမည်ဖြစ်ကြောင်း ၊ အိပ်ယာကုတင်များ ၊ရေချိုးခန်းနှင့် သန့်စင်ခန်းများကိုလည်း ဧပြီ ၂၆ရက်နေ့ ညကတည်းက အသင့်ဆောင်ရွက်ထားကြောင်း ပညာရေးကောလိပ်မှ ဆရာဇင်ကိုဝင်း ထံမှ သိရသည်။
မကွေးမြို့မှ ပရဟိတအဖွဲ့များကလည်း သောက်ရေသန့်များ ၊ Mask များ လှူဒါန်းထားပြီး စားဝတ်နေရေး လိုအပ်ချက်များရှိပါက ဖြည့်ဆည်းရန် အသင့်ပြင်ဆင်ထားကြောင်း ကိုဗစ်-၁၉ ကာကွယ် လျှော့ချထိန်းချုပ်ရေး ပရဟိတကွန်ရက်(မကွေး) မှ သိရသည်။
ဇေယျတု(မကွေး)


