ပေကျင်းမြို့ ၃၁ ဒီဇင်ဘာ
၁။ တရုတ်နိုင်ငံမှထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးများအား အရေးပေါ်သုံးစွဲမှု (Emergency Use) အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက ခွင့်ပြုပေးခဲ့ပြီးနောက် အရေးပေါ်သုံးစွဲမှု (Emergency Use) အနေဖြင့် စတင်သုံးစွဲခဲ့ပါသည်။ ထိုအချိန်မှစ၍ ပေကျင်းမြို့၊ မြန်မာသံရုံးအနေဖြင့် တရုတ်နိုင်ငံ၏ ကာကွယ်ဆေးထုတ်လုပ်မှု၊ စမ်းသပ်မှုနှင့် သုံးစွဲမှုများအား သေချာစွာစောင့်ကြည့် လေ့လာခဲ့ပါသည်။
၂။ ထိုနောက် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှစတင်၍ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးများ မြန်မာနိုင်ငံသို့ ပေးပို့နိုင်ရေး အတွက် စတင်ကြိုးပမ်း ဆောင်ရွက်ခဲ့ပါသည်။
၃။ ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် COVID-19 ကာကွယ်ဆေး စမ်းသပ် ထုတ်လုပ်မှုနှင့် အဆင့်အလိုက် စမ်းသပ်မှုများတွင် အောင်မြင်မှုများ ရရှိလျက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက အသိအမှတ်ပြုကာ အရေးပေါ်သုံးစွဲမှု (Emergency Use) ခွင့်ပြုချက်ရရှိပြီးဖြစ်သည့် China National Pharmaceutical Group Co., Ltd (Sinopharm) နှင့် Sinovac Botech (Hong Kong) Limited တို့သို့ ဆက်သွယ်၍ မြန်မာသံအမတ်ကြီးက သွားရောက်တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။ တစ်ချိန်တည်း မှာပင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့်လည်း တွေ့ဆုံ ဆွေးနွေးကာ ညှိနှိုင်းမှု များဆောင်ရွက်ခဲ့ပါသည်။
၄။ ပေကျင်းမြို့၊ မြန်မာသံရုံးမှ မြန်မာသံအမတ်ကြီးအနေဖြင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ Sinopharm ၊ Sinovac နှင့် အခြားသော ရောဂါ ကာကွယ်ရေး သုတေသနဌာနများ၊ လူပုဂ္ဂိုလ်များနှင့် ၃၀-၁၂-၂၀၂၀ ရက်နေ့ အထိ တွေဆုံဆွေးနွေးမှုပေါင်း (၃၁) ကြိမ် ပြုလုပ်ခဲ့ပါသည်။
၅။ ၂၉-၁၂-၂၀၂၀ ရက်နေ့နှင့် ၃၀-၁၂-၂၀၂၀ ရက်နေ့တို့တွင် တွေ့ဆုံဆွေးနွေး မှုများအရ တရုတ် နိုင်ငံမှ ထုတ်လုပ်သည့် ကာကွယ်ဆေးများသည် ၂၀၂၁ ခုနှစ်၏ နှစ်ဆန်းပိုင်း၊ အစောဆုံး ကာလများတွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိမည့် အခြေအနေအထိ ရောက်ရှိနေပြီဖြစ်ပါကြောင်းနှင့် နှစ်ဖက် ဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်လျက်ရှိပါကြောင်း မြန်မာပြည်သူများ အတွက် နှစ်သစ်ကူး သတင်းကောင်း အဖြစ် အသိပေးဖော်ပြအပ်ပါသည်။
Credit > Ministry of Foreign Affairs Myanmar


