၅ မတ်
တရုတ်နိုင်ငံက ၂၀၁၉ ခုနှစ်အတွက်စစ်ရေးအသုံးစရိတ်ကို ၇.၅ % တိုးမြှင့်သုံးစွဲမယ်လို့ ဒီကနေ့ ထုတ်ပြန်ကြေငြာလိုက်ပေမယ့် နိုင်ငံမှာ စီးပွားရေး တိုးတက်နှုန်းနှေးသွားတဲ့အတွက် မနှစ်ကထက်တော့ နည်းကြောင်း သိရပါတယ်။
စစ်သားဦးရေ နှစ်သန်းရှိတဲ့ တရုတ်စစ်တပ် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) မှာ ကိုယ်ပျောက်စစ်လေယာဉ်တွေ၊ လေယာဉ်သယ်တဲ့ ယာဉ်တွေနဲ့ နောက်ဆုံးပေါ် စစ်လက်နက်တွေတပ်ဆင်ပေးရန်ဖြစ်ပါတယ်။
၂၀၁၉ ခုနစ်အတွက် စစ်သုံးစရိတ်ကို တရုတ်ယွမ် ၁.၁၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၇၇.၆ ဘီလီယံ) သုံးစွဲမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ စစ်သုံးစရိတ်ကို ကမ္ဘာမှာ ဒုတိယအများဆုံး သုံးစွဲတဲ့ နိုင်ငံဖြစ်ပါတယ်။ စစ်သုံးစရိတ် အများဆုံးသုံးစွဲတဲ့နိုင်ငံကတော့ အမေရိကန်နိုင်ငံဖြစ်ပြီး ၂၀၁၉ အတွက် သုံးစွဲငွေကို ၇၁၆ ဘီလီယံ သုံးစွဲမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနဲ့ နှိုင်းယှဉ်လျှင် တရုတ်ရဲ့ စစ်သုံးစရိတ်ဟာ အဆမတန် လျော့နည်းတာကို တွေ့ရပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က PLAတပ်ဟာ ၂၀၅၀ အရောက်မှာ ကမ္ဘာ့အဆင့်ရှိတဲ့ စစ်တပ်အဖြစ် ဖော်ဆောင်ရေးကို သံဓိဌာန်ချထားသလို တရုတ်စစ်တပ်ဟာ တိုက်ဖို့အတွက် အမြဲအဆင်သင့် ဖြစ်နေရေးကိုလည်း ပြောဆိုနေပါတယ်။
တရုတ်နိုင်ငံဟာ ဖျက်သင်္ဘော အသစ်တွေ တည်ဆောက်ခြင်း၊ တိုက်လေယာဉ်နဲ့ တာဝေးပစ်ဒုံးများ တည်ဆောက်နေသလို လျှပ်စစ်သံလိုက်သုံး လက်နက်တွေနဲ့ ဂြိုလ်တုဆက်သွယ်ရေးကို လေဆာအသုံးပြုပြီး တိုက်ဖျက်နိုင်တဲ့ သုတေသနတွေလည်း လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
တရုတ်အစိုးရပိုင် သတင်းဌာနနဲ့ အာဏာပိုင်တွေက တရုတ်စစ်သားတွေရဲ့ လစာနဲ့ နေထိုင်ရတဲ့ပုံစံကို အဆင့်အတန်းမြှင့်ပေးဖို့လိုအပ်ကြောင်း ပြောဆိုနေပါတယ်။
၂၀၁၈ ခုနှစ်အတွက် စစ်သုံးစရိတ် တတိယ အများဆုံးဖြစ်တဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံက ၈၂.၉ ဘီလီယံ၊ ရုရှားက ၆၃.၁ ဘီလီယံ၊ အိန္ဒိယနိုင်ငံက ၅၇.၉ ဘီလီယံ သုံးစွဲကြောင်းသိရပါတယ်။
MDN
ကိုးကား - AFP
