တရုတ်နိုင်ငံမှာ လက်ထပ်ဖို့အတွက် ရောင်းစားခံရတဲ့ မဲခေါင်ဒေသက အမျိုးသမီးများ

ကမ္ဘောဒီးယားနိုင်ငံသူ နယ်ရီ (အမည်ပြောင်း) တစ်ယောက် တရုတ်နိုင်ငံသားတစ်ဦးကို လက်ထပ်လိုက်ခြင်းမှာ နယ်ရီကလွဲပြီး လက်ထပ်ပွဲဖြစ်မြောက်အောင် ပါဝင်သူအားလုံး အကျိုးအမြတ် ရလိုက်ကြပါတယ်။ နယ်ရီဟာ ၆ နှစ်လောက် အိမ်နဲ့အဝေးမှာ နေခဲ့ရပြီး အခုတော့  သူမွေးထားတဲ့သားနဲ့ တွေ့ခွင့်မရနိုင်တော့ပါဘူး။ 

 

 

နယ်ရီ အသက် ၁၇ နှစ်အရွယ်မှာ သူမအကိုဖြစ်သူက အမေရိကန်ဒေါ်လာ ၃၀၀၀ နဲ့ တရုတ်အမျိုးသားနဲ့ လက်ထပ်ဖို့ ရောင်းစားခဲ့ပါတယ်။ သူနဲ့ တရုတ်အမျိုးသား လက်ထပ်နိုင်ရေး အကျိုးဆောင်ပွဲစားက အမေရိကန်ဒေါ်လာ ၇၀၀၀ ရရှိခဲ့ပြီး သူ့အမျိုးသားက သူနဲ့လက်ထပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၀၀၀၀ သုံးစွဲခဲ့ရပါတယ်။ 

 

နယ်ရီ မိသားစုက ဆင်းရဲတဲ့အတွက် သူ့မိသားစုကို ကူညီဖို့အတွက် တရုတ်အမျိုးသားနဲ့ လက်ထပ်ဖို့ လက်ခံခဲ့တယ်လို့ နယ်ရီက လေသံတိုးတိုးနဲ့ ပြောပါတယ်။ 

 

နယ်ရီလိုဘဲ တရုတ်အမျိုးသားတွေရဲ့ ဇနီးမယားအဖြစ် ရောင်းစားခံနေရသူတွေက မဲခေါင်ဒေသခံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ နှစ်ပေါင်း ၃၀ လောက် ကလေးတစ်ဦးသာ မွေးဖွားခွင့်စည်းမျဉ်းအရ ကျားမ ဦးရေမညီမျှမှုတွေနဲ့ ကြုံတွေ့နေရတဲ့အတွက် မဲခေါင်ဒေသက အမျိုးသမီးတွေကို တရုတ်က ဇနီးမယားအဖြစ် ဝယ်ယူနေရပါတယ်။  

 

 

လက်ထပ်ခြင်းက အကြီးမားဆုံး ဈေးကွက်ဖြစ်လာ

 

တရုတ်နိုင်ငံ တောင်ပိုင်းရှိ ဂွန်ဒေါင်း၊ ဂျီစူးနဲ့ ယူနန် ပြည်နယ်တွေထဲမှာ တရားဝင်စာရင်းဇယားအရ ကမ္ဘောဒီယားအမျိုးသမီး တစ်သောင်း တရုတ်အမျိုးသားတွေနဲ့ လက်ထပ်ထားတယ်လို့ သိရပါတယ်။ 

 

မဲခေါင်ဒေသ အမျိုးသမီးတွေဟာ ပညာရေး အခြေခံနိမ့်ကျမှုနဲ့ မိသားစုတွေကို ထောက်ပံ့ချင်တဲ့ အကြောင်းတရားတွေကြောင့် တရုတ်ပြည်မှာ ဇနီးမယားအဖြစ် ဘဝကို လောင်းကစားပွဲသဖွယ် လုပ်ဆောင်နေကြရပါတယ်။ 

တချို့အမျိုးသမီးတွေက ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခု တည်ဆောက်နိုင်ပြီး မိသားစုကို ထောက်ပံ့ပေးနိုင်တဲ့ သူတွေဖြစ်နေပါတယ်။ 

 

တရုတ်အမျိုးသားတွေက အိမ်ထောင်ဖက်အမျိုးသမီး တစ်ယောက်ရဖို့ အမေရိကန်ဒေါ်လာ တစ်သောင်းကနေ တစ်သောင်းခွဲအထိ ပွဲစားတွေကို ပေးရပေမယ့် သတို့သမီးရဲ့ မိသားစုတွေက အမေရိကန်ဒေါ်လာ တစ်ထောင် ကနေ သုံးထောင် အတွင်းသာ ရရှိတတ်ပါတယ်။ 

အသက်ပိုငယ်ပြီး ပိုချောမောလှပရင် တရုတ်အမျိုးသားတွေက လက်ထပ်ဖို့ငွေ ပိုသုံးရတာကိုလည်း တွေ့ရပါတယ်။

 

နယ်ရီအကြောင်းကို ပြန်ဆက်ရရင် နယ်ရီဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို အလည်အပတ်ဗီဇာနဲ့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ပွဲစားက မိတ်ဆက်ပေးစဉ်က လက်ထပ်ရမယ့် အမျိုးသားဟာ “ချမ်းသာတဲ့ ဆရာဝန်” လို့ ဆိုပေမယ့် တကယ်တော့ ရွာမှာနေထိုင်တဲ့ ဆောက်လုပ်ရေး လုပ်သားတစ်ဦးဖြစ်နေတာကို တွေ့ရလိုက်ရပါတယ်။ 

 

နယ်ရီဟာ သားယောကျ်ားလေးတစ်ဦးကို ဖွားမြင်ပြီး တစ်လအကြာမှာ ယောက္ခမဖြစ်သူက ကလေးကို နို့တိုက်ခွင့် မပေးတော့ပါဘူး။ သူတို့နှစ်ဦးကို ကွာရှင်းဖို့ တွန်းအားပေးခဲ့ပါတယ်။ နယ်ရီကို အိမ်ကနေ နှင်ချတဲ့အချိန်မှာ ဗီဇာသက်တမ်း ကုန်ဆုံးသွားတဲ့အတွက် တရုတ်ပြည်မှာ တရားမဝင်နေထိုင်ပြီး ဖန်ချက်စက်ရုံတစ်ခုမှာ ဈေးပေါပေါနဲ့ အလုပ်ဝင်လုပ်ခဲ့ရပါတယ်။ အဲဒီလို အလုပ်လုပ်နေစဉ် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့  အဖမ်းခံခဲ့ရပြီး၊ တစ်နှစ်အကြာ အချုပ်ခန်းမှာ နေခဲ့ရကြောင်း ပြောပါတယ်။ အဲဒီလို အဖမ်းခံရစဉ်မှာ သူလို အဖြစ်အပျက်တွေနဲ့ အဖမ်းခံနေရတဲ့ ဗီယက်နမ်နဲ့ကမ္ဘောဒီယား အမျိုးသမီးတွေကို တွေ့ခဲ့ရကြောင်း ပြောပါတယ်။ 

 

 

နယ်ရီ အဖမ်းခံရတာကနေ လွတ်မြောက်လာတော့ ကမ္ဘောဒီယား လူမှုအသင်းတစ်ခုရဲ့ အကူအညီနဲ့ ဒီနှစ် သြဂုတ်လမှာ မိခင်နိုင်ငံကို ပြန်လည်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အခုတော့ နယ်ရီ အထည်ချုပ်စက်ရုံမှာ လုပ်ခနည်းနည်းနဲ့ ဝင်ရောက်လုပ်ကိုင်နေပြီလို့ သိရပါတယ်။

 

MDN
ကိုးကား AFP