နိုဝင်ဘာ ၇

 

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းတွင် ယမန်နေ့ညပိုင်းက အားကစားရုံခေါင်မိုးပြိုကျမှုကြောင့် သုံးဦးသေဆုံးခဲ့သည်။

 

အဆိုပါအားကစားရုံသည် Heilongjiang ပြည်နယ် Jiamusi ဆင်ခြေဖုံးဒေသတွင်ရှိပြီး အားကစားရုံ ခေါင်မိုးပြိုကျမှုဖြစ်ပွားချိန်က ၎င်းအားကစားရုံတွင် လူခုနစ်ဦးရှိနေသည်ဟု နိုင်ငံပိုင်မီဒီယာက ဆိုသည်။ 

 

ထိုအားကစားရုံခေါင်မိုးပြိုကျမှုကြောင့် သုံးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိကာ ကျန်သုံးဦးသည် ဒဏ်ရာရရှိခြင်း မရှိပဲလွတ်မြောက်သွားခဲ့ကြောင်း ဖော်ပြထားသည်။

 

Heilongjiang ပြည်နယ်တွင် နှင်းထူထပ်စွာကျဆင်းမှုနှင့်ပတ်သက်ပြီး သတိပေးချက်ထုတ်ပြန်ထားသည်။ ထိုအားကစားရုံအနီးနားရှိအဆောက်အဦများပေါ်တွင် နှင်းများဖုံးလွှမ်းနေပုံကို ရုပ်သံဖိုင်တွင်တွေ့မြင်ရသည်။

 

အားကစားရုံ၏သက်ဆိုင်ရာတာဝန်ရှိသူကိုထိန်းသိမ်းထားပြီး ယင်းမတော်တဆဖြစ်ပွားမှုနှင့်ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း မီဒီယာက ဖော်ပြထားသည်။

 

 ဇူလိုင်လက စာသင်ကျောင်းတစ်ခု၏ အားကစားရုံခေါင်မိုးပြိုကျမှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ပြီးနောက် Heilongjiang ပြည်နယ် တာဝန်ရှိသူများက ယင်းပြည်နယ်အတွင်းရှိ အားကစားရုံများကို စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို