ဇူလိုင် ၂၄
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းရှိ အလယ်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက အားကစားရုံခေါင်မိုးပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၁၁ ဦးထက်မနည်းသေဆုံးခဲ့သည်။
အဆိုပါစာသင်ကျောင်းသည် နွေရာသီကျောင်းပိတ်ရက်ဖြစ်သဖြင့်ကျောင်းပိတ်ထားကြောင်းနှင့် ထိုကျောင်းရှိ အားကစားရုံတွင် ဘော်လီဘောအသင်းအဖွဲ့ဝင်များ အားကစားလေ့ကျင့်နေကြကြောင်း ဒေသတွင်းမီဒီယာက ပြောကြားသည်။ထိုမတော်တဆမှုသည် ဟေလောင်ဂျီအန်ပြည်နယ် ကီဟာဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံပိုင်တရုတ်ဗဟို ရုပ်သံလွှင့်ဌာနက ဆိုသည်။
မတော်တဆမှုဖြစ်ပွားချိန်က အားကစားရုံတွင် ၁၉ ဦး ရှိနေခဲ့ပြီး ၎င်းတို့အနက် ရှစ်ဦးကို ကယ်ဆယ်ရေးလုပ်သားများက ကယ်ဆယ်နိုင်ခဲ့သော်လည်း ကျန် ၁၁ ဦး သည် သေဆုံးသွားခဲ့သည်ဟု ရုပ်သံလွှင့်ဌာနက ပြောကြားသည်။
ထိုအားကစားရုံဘေးတွင် အဆောက်အအုံအသစ်ဆောက်လုပ်ရန် လုပ်ဆောင်နေဆဲဖြစ်ကာ ၎င်းအတွက် ဆောက်လုပ်ရေးပစ္စည်းများကို အားကစားရုံခေါင်မိုးပေါ်တွင် တရားမဝင်စုပုံထားခြင်းကြောင့် ထိုခေါင်မိုး ပြိုကျသွားခြင်း ဖြစ်သည်ဟု ယူဆရသည်။
ရဲတပ်ဖွဲ့က မတော်တဆမှုဖြစ်ပွားရသောအကြောင်းရင်းအားစုံစမ်းစစ်ဆေးရန် ယင်းဆောက်လုပ်ရေးဆိုင်ရာ တာဝန်ရှိသူများအား ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို