ပေကျင်း ဒီဇင်ဘာ ၁
တရုတ်နိုင်ငံ၌ အသက် ၆၀ နှင့်အထက်ရှိသူ ၂၁၅ သန်းကျော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပေးပြီး ဖြစ်ကြောင်းနှင့် ယင်းလူဦးရေအနက် ၂၀၆ သန်း ကျော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးပြီး ဖြစ်ကြောင်း တရုတ်ကျန်းမာရေး တာဝန်ရှိသူ တစ်ဦးက ယနေ့တွင် ပြောကြားသည်။
တရုတ်နိုင်ငံ၏ အမျိုးသားစာရင်းအင်းဗျူရိုက ပြီးခဲ့သည့်မေလအတွင်း ထုတ်ပြန်သည့် အချက်အလက်များအရ တရုတ်နိုင်ငံ၌ အသက် ၆၀ နှင့်အထက် ရှိသူလူဦးရေသည် ၂၆၄ ဒသမ ၀၂ သန်း ရှိကြောင်း သိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်အောက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၂ ဒသမ ၅ ဘီလီယံနီးပါး အသုံးပြုခဲ့ပြီး ဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ မီဖန်းက ယနေ့တွင် ပြောကြားသည်။
ထို့ပြင် တရုတ်နိုင်ငံ၌ လူဦးရေ ၁ ဒသမ ၁ ဘီလီယံကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီး ဖြစ်ကြောင်းလည်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ မီဖန်းက ဆက်လက်ပြောကြားသည်။
ကိုးကား-ဆင်ဟွာ၊
ဘာသာပြန်-အလင်းသစ်