ဧပြီ ၃

တရုတ်နိုင်ငံအမျိုးသားလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြည်နယ်အများအပြားတွင် မိုးသက်မုန်တိုင်း တိုက်ခတ်မှုနှင့် ပတ်သက်သည့် အပြာရောင်သတိပေးချက်ကို ယနေ့တွင် ထပ်မံထုတ်ပြန်ခဲ့သည်။

ယနေ့မနက် ၈ နာရီမှ ဧပြီ ၄ ရက်  မနက် ၈ နာရီအထိ ဟူဘီ၊ ဟူနန်၊ ဂျန်ချီ၊ အန်ဟွိုင်၊ ဟီနန်၊ ရှန်ဒေါင်၊ ဂျန်ဆု၊ ချန်ရှီ၊ ဂျောင်ချီနှင့် ချောင်ကီပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းမည်ဟု ခန့်မှန့်ထားကြောင်း အမျိုးသားမိုးလေဝသစင်တာက ပြောကြားသည်။ ဟူဘီ၊ ဟူနန်နှင့် အန်ဟွိုင်ပြည်နယ်တို့တွင် မိုးရေချိန် ၁၃၀ မီလီမီတာ အထက်ရှိနိုင်သည်ဟု သိရသည်။

အချို့သောဒေသများတွင် တစ်နာရီလျှင် မိုးရေချိန် ၆၀ မီလီမီတာအထက် မိုးရွာသွန်းနိုင်ပြီး ကာလတိုမိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုမုန်တိုင်းများတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။

မိုးသည်းထန်စွာရွာသွန်းနိုင်သဖြင့် သက်ဆိုင်ရာအစိုးရဌာနများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရန်နှင့် စာသင်ကျောင်းများတွင်လည်း ကျောင်းသားများဘေးကင်းလုံခြုံမှုရှိရေး သင့်လျော်သောအစီအမံများပြုလုပ်ထားရန် မိုးလေဝသဌာနက ပြောကြားသည်။

တရုတ်နိုင်ငံတွင် မိုးလေဝသသတိပေးချက်စနစ်ကို အရောင်လေးရောင်ဖြင့် သတ်မှတ်ထားပြီး အနီရောင်သည် အပြင်းထန်ဆုံးသတိပေးချက်ဖြစ်ကြောင်းနှင့် အနီရောင်ပြီးလျှင် လိမ္မော်ရောင်၊ အဝါရောင်နှင့် အပြာရောင်တို့ဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို