ပေကျင်း ဇွန် ၅
တရုတ်နိုင်ငံ ကွေကျိုးပြည်နယ်၌ မြန်နှုန်းမြင့် ရထားတစ်စင်း ပြေးလမ်းချော်သွားခဲ့ရာ ရထားမောင်းသူ သေဆုံးပြီး ခရီးသည်ရှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
တွဲဆိုင်းရှစ်ခုပါရှိသည့် အဆိုပါမြန်နှုန်းမြင့် ရထားသည် ကွေကျိုးပြည်နယ် ကွေယမ်းမြို့မှ ကွမ်တုံပြည်နယ် ကွမ်ကျိုးမြို့သို့ ယမန်နေ့နံနက်ပိုင်းတွင် ဦးတည်ထွက်ခွာလာခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း က ကြေညာခဲ့သည်။
ရထားက ဘူတာရုံအနီးရောက်ရှိချိန်တွင် မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာ ကျောက်တုံးနှင့် ရွှံ့ညွန်များက ရထားလမ်းပိုင်းပေါ်တွင် ပိတ်ဆို့လျက်ရှိသည်။ အဆိုပါရွှံ့ညွန်များကို တိုက်မိရာမှ ရထားပြေးလမ်း ချော်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရထားပြေးလမ်းချော်ပြီးနောက် မီးရထားခေါင်းတွဲက ဘူတာရုံရှိ လူသွားစင်္ကြံပေါ်သို့ ရောက်ရှိသွားကာ ခေါင်းပိုင်းတစ်ခုလုံး ပျက်စီးသွားခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မှတ်တမ်းတင်ဓာတ်ပုံများကို လူမှုကွန်ရက် စာမျက်နှာများတွင် မြင်တွေ့နိုင်သည်။
ကယ်ဆယ်ရေးလုပ်သားများက ခရီးသည်များအား ရှာဖွေကယ်ဆယ်လျက်ရှိကြောင်း သိရသည်။ အဆိုပါမတော်တဆမှု ဖြစ်စဉ်အတွင်း ခရီးသည်ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ခရီးသည် ၁၃၀ ကျော်အား ဘေးကင်းစွာ ကယ်တင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ၊
ဘာသာပြန်- အောင်ကျော်ကျော်