ဇန်နဝါရီ ၂၂
တရုတ်နိုင်ငံရှိအချို့ဒေသများတွင် နှင်းများထူထပ်စွာကျဆင်းမှုအတွက်အဝါရောင်သတိပေးချက်ကို တရုတ်မိုးလေဝသဆိုင်ရာ အာဏာပိုင်တို့က ယနေ့တွင် ထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်းမှ ၂၃ ရက် မွန်းလွဲပိုင်းအထိ ဟူနန်၊ ချင်ရှီ၊ ဇီချင်၊ ဖူဂျီနှင့် ဂန်ရှီဒေသများတွင် ကျဆင်းသောနှင်းထု ပမာဏ ၂ စင်တီမီတာမှ ၆ စင်တီမီတာအထိ ရှိမည်ဟု ယူဆရကြောင်း အမျိုးသားမိုးလေဝသစင်တာက ပြောကြားသည်။ ထိုကာလအတွင်း ယူနန်နှင့် ဂန်ရှီဒေသများတွင် အအေးပိုလာနိုင်သည်ဟု ထိုစင်တာကဆိုသည်။ မိုးလေဝသစင်တာက နှင်းထူထပ်စွာကျဆင်းနေစဉ်ကာလအတွင်း လမ်းသွားလမ်းလာများနှင့် ယာဉ်မောင်းများအနေဖြင့် ပိုမိုဂရုစိုက်သွားလာကြရန် အကြံပြုထားပြီး လမ်းများ၊ ရထားလမ်းများ၊ လျှပ်စစ်နှင့် လျှပ်စစ်ဆက်သွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်စီမံမှုများလုပ်ဆောင်ကြရန် ဒေသတွင်း အာဏာပိုင်များကို တိုက်တွန်း ပြောကြားထားသည်။ တရုတ်နိုင်ငံတွင် ရာသီဉတုဆိုးရွားမှုနှင့်ပတ်သက်ပြီး သတိပေးချက်ကို အရောင်လေးမျိုးဖြင့် သတ်မှတ်ထားရာ အနီရောင်သည် ရာသီဉတုအဆိုးရွားဆုံးကို ကိုယ်စားပြုပြီး ၎င်းအရောင်ပြီးလျှင် လိမ္မော်ရောင်၊ အဝါရောင်၊ အပြာရောင်တို့ဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို