ဒီဇင်ဘာ ၁၉

 

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကန်စုပြည်နယ်ရှိ လူမျိုးစုခရိုင်တစ်ခုတွင် ယမန်နေ့ညသန်းခေါင်ယံအချိန်က ပြင်းအား ၆ ဒသမ ၂ ပမာဏရှိငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် လူ ၁၀၅ ဦးသေဆုံးခဲ့ကြောင်း ယနေ့မနက်ပိုင်းတွင်ကျင်းပသော ဒေသတွင်းသတင်းစာရှင်းလင်းပွဲအရ သိရသည်။

 

တရုတ်ငလျင်ကွန်ရက်စင်တာ၏ပြောကြားချက်အရ ယမန်နေ့ည ၁၁ နာရီ ၅၉ မိနစ်အချိန်က ငလျင်ဗဟိုချက် မြေအောက်အနက် ကီလိုမီတာ ၁၀တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် Jishishan ခရိုင်တွင် နေအိမ်အလုံးပေါင်း ၆၃၈၁ လုံးပျက်စီးခဲ့ပြီး ၁၉၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ မနက် ၈ နာရီအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု ၃၂ ကြိမ်ရှိပြီး ယင်းလှုပ်ခတ်မှုများအနက် ငလျင်ပြင်းအား ပမာဏ ၄ သည် အကြီးမားဆုံးဖြစ်ကြောင်း ပြည်နယ်အရေးပေါ်စီမံခန့်ခွဲရေးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုငလျင်ကြောင့် ကျေးလက်ဒေသရှိ လမ်းအချို့ပျက်စီးသွားပြီး လျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့သဖြင့် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့သည် ပျက်စီးသွားသောအခြေခံအဆောက်အဦများကို ပြင်ဆင်ရန် ညတွင်းချင်း လုပ်ဆောင်ခဲ့ကြသည်။

 

ကန်စုပြည်နယ်အနီးရှိ Qinghai ပြည်နယ်တွင်လည်း ငလျင်ဒဏ်ခံရသဖြင့် ၁၁ ဦး သေဆုံးခဲ့သည်ဟု ကနဦးထုတ်ပြန်သောသတင်းအရ သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို