ပေကျင်း ဒီဇင်ဘာ ၁၉
တရုတ်နိုင်ငံ၌ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကြိုးပမ်းသည့်အနေဖြင့် နိုင်ငံအတွင်း ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အသုံးပြုမှုကို မြှင့်တင်နိုင်ခဲ့ကြောင်း သိရသည်။
နိုင်ငံအတွင်း နိုဝင်ဘာလကုန်တွင် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုပမာဏသည် ကီလိုဝပ် ၂ ဒသမ ၅၁ ဘီလီယံ အထိ ရောက်ရှိလာခဲ့ပြီး ၈ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အမျိုးသားစွမ်းအင် အုပ်ချုပ်ရေးအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။ ထို့ပြင် လေအားလျှပ်စစ်ထုတ်လွှတ်ရေးကဏ္ဍတွင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်သန်း ၃၅၀ အထိ တိုးမြှင့်ထုတ်လွှတ်နိုင်ခဲ့ပြီး ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှု ကီလိုဝပ်သန်း ၃၇၀ ရှိလာခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၌ ယခုနှစ်အတွင်း ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာကာ နိုင်ငံ၏ကန္တာရဒေသများတွင် လေစွမ်းအင်နှင့် ဆိုလာစနစ်သုံးလျှပ်စစ်ဓာတ်အား ထုတ်လွှတ်ရေး စခန်းများကို တိုးချဲ့တည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။
ယခုနှစ်၏ ပထမဆယ့်တစ်လအတွင်း နိုင်ငံ၏နေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ယွမ် ၂၀၀ ဘီလီယံအထိ တိုးတက်လာခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ